သံယုတ္တနိကာယ်—၃၅
(၁၇) ၂—သဋ္ဌိပေယျာလဝဂ်
၃၇—အဇ္ဈတ္တာတီတယဒနိစ္စသုတ်
၂ဝ၄။ ရဟန်းတို့ အတိတ်ဖြစ်သော မျက်စိသည် မမြဲ၊ ထိုမမြဲသော မျက်စိသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော မျက်စိသည် အတ္တ မဟုတ်၊ အတ္တမဟုတ်သော မျက်စိကို “ ဤမျက်စိသည် ငါ၏ ဥစ္စာမဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုမျက်စိကိုဟုတ်တိုင်း မှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ပ။
အတိတ်ဖြစ်သော လျှာသည် မမြဲ၊ မမြဲသော လျှာသည် ဆင်းရဲ၏၊ ဆင်းရဲသော လျှာသည် အတ္တမဟုတ်၊ အတ္တမဟုတ်သော လျှာကို “ ဤလျှာသည် ငါ၏ ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုလျှာကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်။ပ။
အတိတ်ဖြစ်သော စိတ်သည် မမြဲ၊ ထိုမမြဲသော စိတ်သည် ဆင်းရဲ၏၊ ဆင်းရဲသော စိတ်သည် အတ္တ့မဟုတ်၊ အတ္တမဟုတ်သော စိတ်ကို “ ဤစိတ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုစိတ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ပ။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။