သံယုတ္တနိကာယ်—၃၅

(၈) ၃—ဂိလာနဝဂ်

၁ဝ—ဖဂ္ဂုနပဥှာသုတ်

၈၃။ ထိုအခါ အသျှင်ဖဂ္ဂုနသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အချဲ့’ပပဉ္စ’တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကိုဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်မျက်စိဖြင့်ပညတ်ရာ၏၊ ထိုမျက်စိသည် ရှိပါသလော။ပ။ အသျှင်ဘုရား အချဲ့’ပပဉ္စ’တရားတို့ကို ဖြတ်ပြီးကုန်သောသံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဆင်းရဲအားလုံးကိုလွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသောသူသည် အကြင်လျှာဖြင့် ပညတ်ရာ၏၊ ထိုလျှာသည် ရှိပါသလော။ပ။ အသျှင်ဘုရား အချဲ့’ပပဉ္စ’တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သောဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်စိတ်ဖြင့် ပညတ်ရာ၏၊ ထိုစိတ်သည် ရှိပါသလောဟု လျှောက်၏။

ဖဂ္ဂုန အချဲ့ ‘ပပဉ္စ’ တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သောလွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်မျက်စိဖြင့် ပညတ်ရာ၏၊ ထိုမျက်စိသည် မရှိ။ပ။ ဖဂ္ဂုန အချဲ့ ‘ပပဉ္စ’ တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဝဋ်ဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်လျှာဖြင့် ပညတ်ရာ၏၊ ထိုလျှာသည် မရှိ။ပ။ ဖဂ္ဂုန အချဲ့ ‘ပပဉ္စ’တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်စိတ်ဖြင့်ပညတ်ရာ၏၊ ထိုစိတ်သည် မရှိဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ဂိလာနဝဂ် ပြီး၏။