သံယုတ္တနိကာယ်—၃၆
၁—သဂါထာဝဂ်
၁ဝ—ဖဿမူလကသုတ်
၂၅၈။ ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်ကုန်သော တွေ့ထိမှု ‘ဖဿ’ လျှင် အရင်းမူလရှိကုန်သော တွေ့ထိမှု ‘ဖဿ’ဟူသော အကြောင်းရှိကုန်သော တွေ့ထိမှု ‘ဖဿ’ဟူသောအထောက်အပံ့ရှိကုန်သော ဤခံစားမှု ‘ဝေဒနာ’ တို့ကား သုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။
ရဟန်းတို့ ခံစားမှု၏ အကြောင်းဖြစ်သော တွေ့ထိမှုကို အစွဲပြု၍ သုခဝေဒနာသည် ဖြစ်ပေါ်လာ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုတွေ့ထိမှု၏ပင်လျှင် ချုပ်ငြိမ်းခြင်းကြောင့် ထိုအားလျော်စွာဖြစ်သော ခံစားအပ်သော သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှုကို အစွဲပြု၍ ဖြစ်ပေါ်လာသော သုခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏။ ရဟန်းတို့ ခံစားမှု၏ အကြောင်းဖြစ်သောတွေ့ထိမှုကို အစွဲပြု၍ ဒုက္ခဝေဒနာသည် ဖြစ်ပေါ်လာ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သောထိုတွေ့ထိမှု၏ပင်လျှင် ချုပ်ငြိမ်းခြင်းကြောင့် ထိုအား လျော်စွာဖြစ်သော ခံစားအပ်သော ဒုက္ခဝေဒနာ၏အကြောင်းဖြစ်သော တွေ့ထိမှုကို အစွဲပြု၍ ဖြစ်ပေါ်လာသော ဒုက္ခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏။
ရဟန်းတို့ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှုကို အစွဲပြု၍ ဥပေက္ခာဝေဒနာသည်ဖြစ်ပေါ်လာ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ထိုတွေ့ထိမှု၏ပင်လျှင် ချုပ်ငြိမ်းခြင်းကြောင့်ထိုအား လျော်စွာဖြစ်သော ခံစားအပ်သော ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှုကို အစွဲပြု၍ ဖြစ်ပေါ်လာသော ဥပေက္ခာဝေဒနာသည် ချုပ်၏၊ ငြိမ်း၏။
ရဟန်းတို့ ဥပမာသော်ကား ထင်းချောင်း နှစ်ခုတို့၏ ထိခိုက်မှုကြောင့် ထိုထင်းချောင်း နှစ်ခုတို့၏ပေါင်းဆုံ (ပွတ်တိုက်) မှုကြောင့် အပူငွေ့ဟူ၍ ဖြစ်ပေါ်လာ၏၊ မီးဟူ၍ ဖြစ်ပေါ်လာ၏။ ထိုထင်းချောင်းတို့၏ပင်လျှင် တခြားစီ ဖြစ်နေခြင်း ခွဲထားခြင်းကြောင့် ထိုအား လျော်စွာဖြစ်သော အပူသည် ချုပ်၏၊ ငြိမ်း၏။
ရဟန်းတို့ ဤအတူပင် ဤဝေဒနာသုံးမျိုးတို့သည် တွေ့ထိမှုကြောင့် ဖြစ်ကုန်၏၊ တွေ့ထိမှုလျှင် အရင်း့မူလရှိကုန်၏၊ တွေ့ထိမှုဟူသော အကြောင်းရှိကုန်၏၊ တွေ့ထိမှုဟူသော အထောက်အပံ့ရှိကုန်၏။ ထိုအားလျော်သော တွေ့ထိမှုကို အစွဲပြု၍ ထိုအား လျော်သော ဝေဒနာသည် ဖြစ်၏၊ ထိုအား လျော်သောတွေ့ထိမှု၏ ချုပ်ငြိမ်းခြင်းကြောင့် ထိုအား လျော်သော ဝေဒနာသည် ချုပ်ငြိမ်း၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ဝေဒနာသံယုတ်၏ ရှေးဦးစွာသော ဂါထာပါသောဝဂ် ပြီး၏။