သံယုတ္တနိကာယ်—၃၆

၃—အဋ္ဌသတပရိယာယဝဂ်

၂—အဋ္ဌသတပရိယာယသုတ်

၂၇ဝ။ ရဟန်းတို့ သင်တို့အား အကြောင်းပရိယာယ် တစ်ရာ့ရှစ်မျိုးဟူသော တရားဒေသနာကိုဟောပြပေအံ့၊ ထိုတရားဒေသနာကို နာကြကုန်လော့။ ရဟန်းတို့ အကြောင်းပရိယာယ် တစ်ရာ့ရှစ်မျိုးဟူသော တရားဒေသနာကား အဘယ်နည်း၊ ရဟန်းတို့ နှစ်ပါးသော ဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ သုံးပါးသော ဝေဒနာတို့ကိုလည်းအကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ ငါးပါးသော ဝေဒနာတို့ကိုလည်းအကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ ခြောက်ပါးသော ဝေဒနာတို့ကိုလည်းအကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ တစ်ဆယ့်ရှစ်ပါးသော ဝေဒနာတို့ကိုလည်းအကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ သုံးဆယ့်ခြောက်ပါးသော ဝေဒနာတို့ကိုလည်းအကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ တစ်ရာ့ရှစ်ပါးသော ဝေဒနာတို့ကိုလည်းအကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏။

ရဟန်းတို့ နှစ်ပါးသော ဝေဒနာတို့ဟူသည် အဘယ်တို့နည်း။ ကိုယ်၌ ဖြစ်သော ဝေဒနာ၊ စိတ်၌ ဖြစ်သော ဝေဒနာတို့တည်း။ ရဟန်းတို့ ဤသည်တို့ကို ဝေဒနာနှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့သုံးပါးသော ဝေဒနာတို့ဟူသည် အဘယ်တို့နည်း။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ ဤသည်ကို ဝေဒနာသုံးပါးတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ ငါးပါးသော ဝေဒနာတို့ဟူသည်အဘယ်တို့နည်း။ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။ ရဟန်းတို့ ဤသည်တို့ကို ဝေဒနာငါးပါးတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ ခြောက်ပါးသော ဝေဒနာတို့ဟူသည်အဘယ် တို့နည်း။ စက္ခုသမ္ဖဿဇာဝေဒနာ။ပ။ မနောသမ္ဖဿဇာဝေဒနာတို့တည်း။ ရဟန်းတို့ ဤသည်တို့ကို ဝေဒနာခြောက်ပါးတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ တစ်ဆယ့်ရှစ်ပါးသောဝေဒနာတို့ဟူသည် အဘယ် တို့နည်း။ သောမနဿဝေဒနာနှင့် တကွသော သုံးသပ်မှုခြောက်ပါး၊ ဒေါမနဿဝေဒနာနှင့် တကွသော သုံးသပ်မှုခြောက်ပါး၊ ဥပေက္ခာဝေဒနာနှင့် တကွသောသုံးသပ်မှုခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤသည် တို့ကို ဝေဒနာတစ်ဆယ့်ရှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။

ရဟန်းတို့ သုံးဆယ့်ခြောက်ပါးသော ဝေဒနာတို့ဟူသည် အဘယ်တို့နည်း။ ကာမဂုဏ်၌ မှီသောသောမနဿဝေဒနာခြောက်ပါး၊ ကာမဂုဏ်မှ ထွက်မြောက် မှု၌ မှီသော သောမနဿဝေဒနာခြောက်ပါး၊ ကာမဂုဏ်၌ မှီသော ဒေါမနဿဝေဒနာခြောက်ပါး၊ ကာမဂုဏ်မှ ထွက်မြောက်မှု၌ မှီသောဒေါမနဿဝေဒနာခြောက်ပါး၊ ကာမဂုဏ်၌ မှီသော ဥပေက္ခာဝေဒနာခြောက်ပါး၊ ကာမဂုဏ်မှထွက်မြောက်မှု၌ မှီသော ဥပေက္ခာဝေဒနာခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤသည်တို့ကို ဝေဒနာသုံးဆယ့်ခြောက်ပါးတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ တစ်ရာ့ရှစ်ပါးသော ဝေဒနာတို့ဟူသည်အဘယ်တို့နည်း။ အတိတ်ဝေဒနာ သုံးဆယ့်ခြောက်ပါး၊ အနာဂတ်ဝေဒနာ သုံးဆယ့်ခြောက်ပါး၊ ပစ္စုပ္ပန်ဝေဒနာ သုံးဆယ့်ခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤသည်တို့ကို ဝေဒနာတစ်ရာ့ရှစ်ပါးတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ ဤသည်ကား အကြောင်းပရိယာယ် တစ်ရာ့ရှစ်မျိုးဟူသော တရားဒေသနာပေတည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။