သံယုတ္တနိကာယ်—၃၇

၂—ဒုတိယ ပေယျာလဝဂ်

၁—အက္ကောဓနသုတ်

၂၉၄။ ထိုအခါ အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်သည် အထူးသဖြင့် သန့်ရှင်းသော လူတို့၏အမြင်ကို လွန်သော နတ်၌ ဖြစ်သော ‘ဒိဗ္ဗစက္ခုအဘိညာဉ်’ မျက်စိဖြင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်လောကသို့ ရောက်သော မာတုဂါမကို မြင်ပါ၏၊ အသျှင် ဘုရား အဘယ်မျှသော တရားတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ပါသနည်း “ဟု လျှောက်၏။

အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။ အဘယ်ငါးမျိုးတို့နည်း၊ ယုံကြည်မှု’သဒ္ဓါ’လည်း ရှိ၏၊ အရှက်လည်း ရှိ၏၊ အကြောက်လည်း ရှိ၏၊ အမျက် မထွက်တတ်၊ ပညာရှိ၏။

အနုရုဒ္ဓါ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။