သံယုတ္တနိကာယ်—၄ဝ

၄—စတုတ္ထ ဈာနပဥှာသုတ်

၃၃၅။ “စတုတ္ထဈာန် စတုတ္ထဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် စတုတ္ထဈာန်နည်းဟု ဤသို့ အကြံဖြစ်၏၊ “ငါ့သျှင်တို့ ထိုငါ့အား ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာ ဆင်းရဲကိုပယ်ခြင်းကြောင့်လည်း ကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ဤသည်ကို စတုတ္ထဈာန်ဟုဆိုအပ်၏ “ဟု ဤအကြံသည် ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါသည် ချမ်းသာဆင်းရဲကိုပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ ‘ကြောင့် ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသော ထိုငါ့အား ချမ်းသာခြင်း’သုခ’နှင့် တကွသော အမှတ် ‘သညာ’ နှလုံးသွင်း ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် စတုတ္ထဈာန်ကို မမေ့လျော့လင့်၊ စတုတ္ထဈာန်၌ စိတ်ကို ကောင်းစွာတည်စေလော့၊ စတုတ္ထဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ စတုတ္ထဈာန်၌ စိတ်ကို ကောင်းစွာထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ ချမ်းသာဆင်းရဲကိုပယ်ခြင်းကြောင့်လည်း ကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့။ပ။ ထူးမြတ်သော အသိဉာဏ်ရှိသည်၏အဖြစ်သို့ ရောက်သော တပည့်”ဟူ သော စကားကို ကောင်းစွာ ဆိုလိုသော သူသည်ကောင်းစွာ ဆိုလိုသော် ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

စတုတ္ထသုတ်။