သံယုတ္တနိကာယ်—၄၁

၇—ဂေါဒတ္တသုတ်

၃၄၉။ အခါတစ်ပါး၌ အသျှင်ဂေါဒတ္တသည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် အသျှင်ဂေါဒတ္တထံသို့ ချဉ်းကပ်၍ အသျှင်ဂေါဒတ္တကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ အသျှင်ဂေါဒတ္တသည် တစ်ခုသော နေရာ၌ ထိုင်နေသော စိတ္တသူကြွယ်အား “သူကြွယ်အပ္ပမာဏမည်သော စိတ်၏ လွတ်မြောက်မှု၊ အာကိဉ္စညာမည်သော စိတ်၏ လွတ်မြောက်မှု၊ အနိမိတ္တမည်သော စိတ်၏ လွတ်မြောက်မှု ဤတရားတို့သည် အနက်ထူး သဒ္ဒါထူးရှိကုန်သလော၊ သို့မဟုတ် အနက်တူ၍ သဒ္ဒါသာလျှင် ထူးသလော”ဟု မိန့်ဆို၏။ အသျှင်ဘုရား အကြောင်းပရိယာယ်သည် ရှိ၏၊ ယင်းအကြောင်းပရိယာယ်ကို စွဲ၍ ဤတရားတို့သည် အနက်လည်း ထူးကုန်၏၊ သဒ္ဒါလည်း ထူးကုန်၏၊ အသျှင် ဘုရား အကြောင်းပရိယာယ်သည် ရှိ၏၊ ယင်းအကြောင်းပရိယာယ်ကို စွဲ၍ ဤတရားတို့သည်အနက် တူ၍ သဒ္ဒါသာလျှင် ထူးကုန်၏။

အသျှင်ဘုရား ယင်းအကြောင်းပရိယာယ်ကို စွဲ၍ ဤတရားတို့သည် အနက်လည်း ထူးကုန်၏၊ သဒ္ဒါလည်း ထူးကုန်၏ဟူသော အကြောင်းကား အဘယ်နည်း။ အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာစေလိုခြင်း မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့ အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက်အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကိုပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့်တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက့်အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာအလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသောငြိုငြင်ခြင်း မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ အသျှင်ဘုရား ဤသည်ကို အပ္ပမာဏမည်သော စိတ်၏ လွတ်မြောက်ခြင်းဟု ဆိုအပ်၏။

အသျှင်ဘုရား အာကိဉ္စညာမည်သော စိတ်၏ လွတ်မြောက်ခြင်းဟူသည် အဘယ်နည်း။ အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “စိုးစဉ်းမျှမရှိ”ဟုစီးဖြန်းလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ အသျှင်ဘုရား ဤသည်ကို အာကိဉ္စညာမည်သော စိတ်၏ လွတ်မြောက်ခြင်းဟု ဆိုအပ်၏။

အသျှင်ဘုရား သုညတမည်သော စိတ်၏ လွတ်မြောက်ခြင်းဟူသည် အဘယ်နည်း။ အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ ဖြစ်စေ၊ သစ်ပင်ရင်းသို့ ကပ်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ ဖြစ်စေ “ ဤတရားကား အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ဆိတ်သုဉ်း၏”ဟု ဆင်ခြင်၏။ အသျှင်ဘုရား ဤသည်ကို သုညတမည်သော စိတ်၏ လွတ်မြောက်ခြင်းဟု ဆိုအပ်၏။

အသျှင်ဘုရား အနိမိတ္တမည်သော စိတ်၏ လွတ်မြောက်ခြင်းဟူသည် အဘယ်နည်း။ အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် အလုံးစုံသော နိစ္စနိမိတ်စသည်တို့ကို နှလုံးမသွင်းခြင်းကြောင့် နိစ္စနိမိတ်စသည် မရှိသော စိတ်၏ တည်ကြည်ခြင်းသို့ ကပ်ရောက်ဝင်စား၍ နေ၏၊ အသျှင်ဘုရား ဤသည်ကိုအနိမိတ္တမည်သောစိတ်၏ လွတ်မြောက်ခြင်းဟု ဆိုအပ်၏။ အသျှင်ဘုရား ယင်းအကြောင်းပရိယာယ်ကို စွဲ၍ ဤတရားတို့သည် အနက်လည်းထူး သဒ္ဒါလည်းထူးကုန်၏ဟူသော အကြောင်းပရိယာယ်ကား ဤသည်ပင်တည်း။

အသျှင်ဘုရား ယင်းအကြောင်းပရိယာယ်ကို စွဲ၍ ဤတရားတို့သည် အနက်တူ၍ သဒ္ဒါသာလျှင်ထူး၏ဟူသော အကြောင်းပရိယာယ်သည် အဘယ်ပါနည်း။ အသျှင်ဘုရား စွဲမက်မှု ‘ရာဂ’သည် ပမာဏကို ပြုတတ်၏၊ အမျက်ထွက်မှု ‘ဒေါသ’သည် ပမာဏကို ပြုတတ်၏၊ တွေဝေမှု ‘မောဟ’သည် ပမာဏကိုပြုတတ်၏၊ ထိုတရားတို့သည် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်း မဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင် အခါ ဖြစ်ခြင်းသဘော မရှိကုန်။ အသျှင်ဘုရားပမာဏမရှိကုန်သော စိတ်၏ လွတ်မြောက်ခြင်းဟူသမျှတို့ ထက် မပျက်စီးသော စိတ်၏လွတ်မြောက်ခြင်းကို အမြတ်ဆုံးဟု ဆိုအပ်၏။ ထိုမပျက်စီးသော စိတ်၏ လွတ်မြောက်ခြင်းသည်ကားစွဲမက်မှု ‘ရာဂ’ မှ ဆိတ်သုဉ်း၏၊ အမျက်ထွက်မှု ‘ဒေါသ’ မှ ဆိတ်သုဉ်း၏၊ တွေဝေမှု ‘မောဟ’ မှဆိတ်သုဉ်း၏။

အသျှင်ဘုရား စွဲမက်မှု ‘ရာဂ’သည် ကြောင့်ကြမှုတည်း၊ အမျက်ထွက်မှု ‘ဒေါသ’သည် ကြောင့်ကြမှုတည်း၊ တွေဝေမှု ‘မောဟ’သည် ကြောင့်ကြမှုတည်း။ ထိုတရားတို့သည် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်။ အသျှင်ဘုရားကြောင့်ကြ မရှိကုန်သော စိတ်၏ လွတ်မြောက်ခြင်းဟူသမျှတို့ထက် မပျက်စီးသော စိတ်၏ လွတ်မြောက်ခြင်းကို အမြတ်ဆုံးဟု ဆိုအပ်၏၊ ထိုမပျက်စီးသော စိတ်၏ လွတ်မြောက်ခြင်းသည်ကား စွဲမက်မှု ‘ရာဂ’ မှဆိတ်သုဉ်း၏၊ အမျက်ထွက်မှု ‘ဒေါသ’ မှ ဆိတ်သုဉ်း၏၊ တွေဝေမှု ‘မောဟ’ မှ ဆိတ်သုဉ်း၏။

အသျှင်ဘုရား စွဲမက်မှု ‘ရာဂ’သည် နိစ္စနိမိတ်စသည်ကို ပြုတတ်၏၊ အမျက်ထွက်မှု ‘ဒေါသ’သည်နိစ္စနိမိတ်စသည်ကို ပြုတတ်၏၊ တွေဝေမှု ‘မောဟ’သည် နိစ္စနိမိတ်စသည်ကို ပြုတတ်၏။ ထိုတရားတို့သည် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘောမရှိကုန်။ အသျှင်ဘုရား နိစ္စနိမိတ်စသည် မရှိကုန်သော စိတ်၏ လွတ်မြောက်ခြင်းဟူသမျှတို့ထက်မပျက်စီးသော စိတ်၏ လွတ်မြောက်ခြင်းကို အမြတ်ဆုံးဟု ဆိုအပ်၏။ ထိုမပျက်စီးသော စိတ်၏ လွတ်မြောက်ခြင်းသည်ကား စွဲမက်မှု ‘ရာဂ’မှ ဆိတ်သုဉ်း၏၊ အမျက်ထွက်မှု ‘ဒေါသ’ မှ ဆိတ်သုဉ်း၏၊ တွေဝေမှု’မောဟ’မှ ဆိတ်သုဉ်း၏။

အသျှင်ဘုရား ယင်းအကြောင်းပရိယာယ်ကို စွဲ၍ ဤတရားတို့သည် အနက်တူ၍ သဒ္ဒါသာလျှင်ထူး၏ဟူသော အကြောင်းပရိယာယ်ကား ဤသည်ပင်တည်းဟု လျှောက်၏။ သူကြွယ် အကြင်နက်နဲသောဘုရားစကားတော်၌ ပညာမျက်စိကို ဆောင်နိုင်ပေရကား သင့်အား အရတော်ပေစွတကား၊ ကောင်းစွာရအပ်ပေစွတကားဟု (မိန့်ဆို၏)။

သတ္တမသုတ်။