သံယုတ္တနိကာယ်—၄၆
၁၃—သြဃဝဂ်
၁ဝ—ဥဒ္ဓမ္ဘာဂိယသုတ်
၃၁၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့ကား ဤငါးပါးတို့တည်း၊ အဘယ်ငါးပါးတို့နည်း။ ရူပဘုံ၌ တပ်မက်မှု ‘ရူပရာဂ’၊ အရူပဘုံ၌ တပ်မက်မှု ‘အရူပရာဂ’၊ ထောင်လွှားမှု ‘မာန’၊ စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ မသိမှု ‘အဝိဇ္ဇာ’ တို့တည်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့ကား ဤငါးပါးတို့ပင်တည်း။
ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ်ကုန်၏၊ အဘယ်ခုနစ်ပါးတို့နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ စွဲမက်မှု ‘ရာဂ’ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောတွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော။ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲ လျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော။ နိဗ္ဗာန်သို့ညွတ်ကိုင်း ရှိုင်းသော ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွားများ၏။
ရဟန်းတို့ ရဟန်းသည် ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများအပ်ကုန်၏ဟု (မိန့်တော့်မူ၏)။
တစ်ဆယ့်သုံးခုမြောက် သြဃပေယျာလဝဂ် ပြီး၏။