သံယုတ္တနိကာယ်—၄၆

၃— ဥဒါယိဝဂ်

၆—တဏှက္ခယသုတ်

၂ဝ၇။ ရဟန်းတို့ တဏှာကုန်ရာ လမ်းစဉ်အကျင့်ကို ပွားများကြကုန်လော့။ ရဟန်းတို့ အဘယ်လမ်းစဉ် အဘယ်အကျင့်သည် တဏှာကုန်ခြင်းငှါ ဖြစ်သနည်း၊ ဤဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ ဗောဇ္ဈင်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ဤသို့ ဟောတော်မူသော ် အသျှင်ဥဒါယီသည် မြတ်စွာဘုရားအား “အသျှင်ဘုရား အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော် ဗောဇ္ဈင်ခုနစ်ပါးတို့သည် တဏှာကုန်ခြင်းငှါ ဖြစ်ပါကုန်သနည်း”ဟု (လျှောက်၏)။

ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သောအတိုင်းအရှည် မရှိသော ကြောင့်ကြမှု (ဆင်းရဲ) မှ ကင်းသော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သောအတိုင်းအရှည် မရှိသော ကြောင့်ကြမှု (ဆင်းရဲ) မှ ကင်းသောသတိသမ္ဗောဇ္ဈင်ကို ပွါးများသော ထိုရဟန်းသည် တပ်မက်မှု ‘တဏှာ’ ကို ပယ်၏၊ တပ်မက်မှု ‘တဏှာ’ ကိုပယ်ခြင်းကြောင့် ကံကို ပယ်၏၊ ကံကို ပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲကို ပယ်၏။ပ။

ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သောအတိုင်းအရှည် မရှိသော ကြောင့်ကြမှု (ဆင်းရဲ) မှကင်းသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သောအတိုင်း အရှည် မရှိသော ကြောင့်ကြမှု (ဆင်းရဲ) မှ ကင်းသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများသော ထိုရဟန်းသည် တပ်မက်မှု ‘တဏှာ’ ကို ပယ်၏၊ တပ်မက်မှု ‘တဏှာ’ ကို ပယ်ခြင်းကြောင့် ကံကို ပယ်၏၊ ကံကို ပယ်ခြင်း ကြောင့် ဝဋ်ဆင်းရဲကို ပယ်၏။ ဥဒါယီ ဤသို့လျှင် တဏှာကုန်ခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။