သံယုတ္တနိကာယ်—၄၆
၅—စက္ကဝတ္တိဝဂ်
၉—အဇ္ဈတ္တိကင်္ဂသုတ်
၂၃ဝ။ ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ ဖြစ်ပေါ်ရန် ဤသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုမှ တစ်ပါးအတွင်းအင်္ဂါဖြစ်သည့် အခြားသောအကြောင်း ‘အင်္ဂါ’ တစ်ခုကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုနှင့် ပြည့်စုံသော ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ကိုပွါးများ လိမ့်မည်၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်အပ်၏။
ရဟန်းတို့ အဘယ်သို့လျှင် သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုနှင့် ပြည့်စုံသော ရဟန်းသည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသနည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုနှင့် ပြည့်စုံသော ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။