သံယုတ္တနိကာယ်—၄၈

၁—သုဒ္ဓိကဝဂ်

၄—ပဌမ အရဟန္တသုတ်

၄၇၄။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ ့သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။

ရဟန်းတို့ အကြင်အခါ အရိယာတပည့်သည် ဤဣန္ဒြေငါးပါးတို့၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၍ မစွဲလမ်းဘဲ (ကိလေသာမှ) လွတ်မြောက်၏။ ထိုအခါ ဤရဟန်းကို ပူဇော်အထူးကို ခံထိုက်သောအာသဝကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုပြီးသော ခန္ဓာဝန်ကို ချပြီးသော မိမိအကျိုး အရဟတ္တဖိုလ်သို့ရောက်ပြီးသော ဘဝသံယောဇဉ် ကုန်ပြီးသော ကောင်းစွာ သိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသောရဟန္တာဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။