သံယုတ္တနိကာယ်—၄၈
၇—ဗောဓိပက္ခိယဝဂ်
၆—ဒုတိယ ဖလသုတ်
၅၃၆။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။
ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကိုပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ခုနစ်ပါးသောအကျိုးအာနိသင်တို့ကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ခုနစ်ပါးသောအကျိုးအာနိသင်တို့ဟူသည် အဘယ်တို့နည်း —
၁။ မျက်မှောက်ဘဝ၌ပင် မသေမီက အရဟတ္တဖိုလ်ကို ပြီးစေနိုင်၏။
၂။ မျက်မှောက်ဘဝ၌ပင် မသေမီက အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ သေခါနီးအခါ၌် အရဟတ္တဖိုလ် ကိုပြီးစေနိုင်၏။
၃။ မျက်မှောက်ဘဝ၌ပင် မသေမီက အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ သေခါနီးအခါ၌ အရဟတ္တဖိုလ် ကိုမပြီးစေနိုင်ခဲ့မူ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) အလယ်၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်နိုင်၏။
၄။ အသက်တမ်း၏ ထက်ဝက်ကို လွန်၍ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော ဥပဟစ္စပရိနိဗ္ဗာယီ မည်သောအနာဂါမ်ဖြစ်နိုင်၏။
၅။ ပယောဂလုံ့လ မပါဘဲ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအသင်္ခါရပရိနိဗ္ဗာယီ မည်သောအနာဂါမ်ဖြစ်နိုင်၏။
၆။ ပယောဂလုံ့လနှင့် တကွ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော သသင်္ခါရပရိနိဗ္ဗာယီ မည်သောအနာဂါမ်ဖြစ်နိုင်၏။
၇။ အထက်ဘုံ၌ ဖြစ်၍ အစဉ်အတိုင်း တက်ကာ အကနိဋ္ဌဘုံ၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော ဥဒ္ဓံသောတအကနိဋ္ဌဂါမီ မည်သောအနာဂါမ်ဖြစ်နိုင်၏။
ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ဤခုနစ်ပါးသောအကျိုးအာနိသင်တို့ကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။