သံယုတ္တနိကာယ်—၅၁
၁—စာပါလဝဂ်
၂—ဝိရဒ္ဓသုတ်
၈၁၄။ ရဟန်းတို့ ဣဒ္ဓိပါဒ်လေးပါးတို့ကို ချွတ်ယွင်းစေသူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ ကုန်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောအရိယမဂ်ကို ချွတ်ယွင်းစေသည် မည်၏။ ရဟန်းတို့ ဣဒ္ဓိပါဒ်လေးပါးတို့ကို အားထုတ်သူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောအရိယမဂ်ကို အားထုတ်အပ်သည် မည်၏။ အဘယ်လေးပါးတို့နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လ တို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သောသမာဓိ။ပ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုလုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။
ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ချွတ်ယွင်းစေသူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ ကုန်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောအရိယမဂ်ကို ချွတ်ယွင်းစေသည် မည်၏၊ ဣဒ္ဓိပါဒ်လေးပါးတို့ကို အား့ထုတ်သူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောအရိယမဂ်ကိုအားထုတ်အပ်သည် မည်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။