သံယုတ္တနိကာယ်—၅၄
၂—ဒုတိယဝဂ်
၆—ဒုတိယ ဘိက္ခုသုတ်
၉၉၂။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေကုန်သော ထိုရဟန်းတို့အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— “ရဟန်းတို့ တစ်မျိုးတည်းသော တရားကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် တရားလေးမျိုးတို့ကို ပြည့်စေ၏၊ တရားလေးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်၏၊ တရားခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားနှစ်မျိုးတို့ကို ပြည့်စေကုန်၏၊ (ဤတရားမျိုးသည်) ရှိသလော”ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား တပည့်တော်တို့အား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏။ပ။ မြတ်စွာဘုရားထံမှ ကြားနာရကုန်သည်ရှိသော် ရဟန်းတို့သည် ဆောင်ထားရပါကုန်လတ္တံ့ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် တရားလေးမျိုးတို့ကို ပြည့်စေ၏၊ တရားလေးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်၏၊ တရားခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားနှစ်မျိုးတို့ကို ပြည့်စေကုန်၏၊ (ဤတရားမျိုးသည်) ရှိသည်သာတည်း။
ရဟန်းတို့ အဘယ်တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည် ရှိသော်တရားလေးမျိုးတို့ကို ပြည့်စေသနည်း၊ တရားလေးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်သနည်း၊ တရားခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားနှစ်မျိုးတို့ကို ပြည့်စေကုန်သနည်း။
ရဟန်းတို့ အာနာပါနဿတိသမာဓိဟူသော တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန် များစွာပြုလုပ်အပ်သည်ရှိသော် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေကုန်၏၊ သတိပဋ္ဌာန်လေးပါးတို့ကို ပွါး များအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’နှင့် လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကို ပြည့်စေကုန်၏။
ရဟန်းတို့ အာနာပါနဿတိသမာဓိကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိ သော်သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်သို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ့ထားလျက် သတိကို ကမ္မဋ္ဌာန်းသို့ ရှေးရှုဖြစ်စေ၍ ထိုင်နေ၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင်ထွက်သက်လေကို ထုတ်၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ပ။ စွန့်လွှတ်မှုကို အကြိမ်ကြိမ်ရှုလျက် ထွက်သက်လေကို ထုတ်အံ့ဟု အားထုတ်၍ ကျင့်၏၊ စွန့်လွှတ်မှုကို အကြိမ်ကြိမ် ရှုလျက်ဝင်သက် လေကို ရှူအံ့ဟု အားထုတ်၍ ကျင့်၏။
ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ရှည်ရှည်ထွက်သက်လေကို ထုတ်လျှင်လည်း “ရှည်ရှည်ထွက်သက်လေကို ထုတ်၏”ဟု သိ၏၊ ရှည်ရှည်ဝင်သက်လေကို ရှုလျှင်လည်း “ရှည်ရှည်ဝင်သက်လေကိုရှု၏”ဟု သိ၏။ တိုတိုထွက်သက်လေကို ထုတ်လျှင်လည်း။ပ။ အစအလယ်အဆုံး အလုံးစုံသောထွက်သက်လေ အပေါင်းကို ထင်ရှားသိလျက်။ပ။ “ရုန့်ရင်းသော ထွက်သက်လေကို ငြိမ်းစေလျက်ထွက်သက်လေကို ထုတ် အံ့”ဟု အားထုတ်၍ ကျင့်၏၊ ရုန့်ရင်းသော ဝင်သက်လေကို ငြိမ်းစေလျက်ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ ရဟန်းတို့ ထိုအခါ၌ ရဟန်းသည် ပြင်းစွာအားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိ သည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်း ကို အကြိမ်ကြိမ် ရှုလျက် နေ၏။ ထိုသို့ဖြစ်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤထွက်သက်လေ ဝင်သက်လေကို (ပထဝီစသော) ကာယတို့တွင်တစ်ပါး ပါဝင်သော ဝါယောကာယဟု ငါ ဆို၏။ ရဟန်းတို့ ထို့ကြောင့်ပင် ရဟန်းသည် ထိုအခါ၌ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိ သည်ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် နေ၏။ (၁)
ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ကို ထင်ရှားသိသည်ဖြစ်၍်။ပ။ ချမ်းသာခြင်း ‘သုခ’ ကို ထင်ရှားသိသည်ဖြစ်၍်။ပ။ (ဝေဒနာသညာဟူသော) စိတ္တသင်္ခါရကို ထင်ရှားသိသည်ဖြစ်၍်။ပ။
(ဝေဒနာသညာဟူသော) စိတ္တသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်လေ ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ (ဝေဒနာသညာဟူသော) စိတ္တသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ ရဟန်းတို့ ထိုအခါ၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုလျက် နေ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ဤထွက်သက်လေ ဝင်သက်လေတို့ကို ကောင်းစွာ နှလုံးသွင်းခြင်းကို ဝေဒနာတို့တွင် ဝေဒနာတစ်ပါးဟု ငါ ဆို၏။ ရဟန်းတို့ ထို့ကြောင့်ပင် ရဟန်းသည် ထိုအခါ၌ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလျက်နေ၏။ (၂)
ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် စိတ်ကို ထင်ရှားသိသည်ဖြစ်၍်။ပ။ စိတ်ကို ဝမ်းမြောက်စေလျက်။ပ။ “စိတ်ကို ကောင်းစွာ တည်ကြည်စေလျက် ထွက်သက်လေ ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “စိတ်ကို ကောင်းစွာ တည်ကြည်စေလျက် ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏၊ “စိတ်ကိုနီဝရဏစသည်မှ လွတ်မြောက်စေလျက် ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “စိတ်ကိုနီဝရဏစသည်မှ လွတ်မြောက်စေလျက် ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏၊ ရဟန်းတို့ ထိုအခါ၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလျက် နေ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ သတိလွတ်သော ဆင်ခြင်ဉာဏ် မရှိသော သူအားအာနာပါနဿတိ သမာဓိကို ပွါးများခြင်းကို ငါ မဆို။ ရဟန်းတို့ ထို့ကြောင့်ပင် ရဟန်းသည် ထိုအခါ၌ပြင်းစွာ အားထုတ် သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက် လျက် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလျက် နေ၏။ (၃)
ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် မမြဲဟု အကြိမ်ကြိမ် ရှုလျက်။ပ။ စွဲမက်မှု ကင်းခြင်းကိုအကြိမ်ကြိမ် ရှုလျက်။ပ။ ချုပ်မှုကို အကြိမ်ကြိမ် ရှုလျက်။ပ။ “စွန့်လွှတ်မှုကို အကြိမ်ကြိမ် ရှုလျက် ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “စွန့်လွှတ်မှုကို အကြိမ်ကြိမ် ရှုလျက် ဝင်သက်လေကိုရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ ရဟန်းတို့ ထိုအခါ၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ထိုရဟန်းသည် အဘိဇ္ဈာဒေါမနဿကင်းပျောက် သည်ကို ပညာဖြင့် မြင်၍ ကောင်းစွာ လျစ်လျူရှု၏။ ရဟန်းတို့ ထိုကြောင့်ပင် ရဟန်းသည်ထိုအခါ၌ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿ ကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလျက် နေ၏။ (၄)
ရဟန်းတို့ အာနာပါနဿတိသမာဓိကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေ၏။
ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်သနည်း။
ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ထင်သော သတိရှိသည် ဖြစ်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကိုအကြိမ်ကြိမ် ရှုလျက် နေ၏၊ ရဟန်းတို့ ထိုအခါ၌ ရဟန်းအား သတိ မလွတ်။ ရဟန်းတို့ ရဟန်းအားထင်သော သတိရှိသည် ဖြစ်၍ သတိ မလွတ်သောအခါ၌ ရဟန်းအား သတိသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏။ ရဟန်းတို့ ထိုအခါ၌ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ သတိသမ္ဗောဇ္ဈင်သည်ရဟန်း အား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၁)
ထိုရဟန်းသည် ထိုသို့သတိရှိသည် ဖြစ်၍ နေလတ်သော် ထိုတရားကို ပညာဖြင့် စိစစ်၏၊ လှည့်လည်ကျက်စား၏၊ အထပ်ထပ် ဆင်ခြင်ခြင်းသို့ ရောက်၏။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ထိုသို့သတိရှိသည် ဖြစ်၍ နေလတ်သော် ထိုတရားကို ပညာဖြင့် စိစစ်၏၊ လှည့်လည်ကျက်စား၏၊ အထပ်ထပ်ဆင်ခြင်ခြင်းသို့ ရောက်၏။ ထိုအခါ၌ ရဟန်းအား ဓမ္မဝိစယသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏၊ ထိုအခါ၌ ရဟန်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၂)
ထိုတရားကို ပညာဖြင့် စိစစ်သော လှည့်လည်ကျက်စားသောအထပ်ထပ် ဆင်ခြင်ခြင်းသို့ ရောက် သောထိုရဟန်းအား မတွန့်မဆုတ် ကြိုးစားအားထုတ်မှု ‘ဝီရိယ’ သည် ဖြစ်၏။ ရဟန်းတို့ အကြင်အခါ၌ထိုတရားကို ပညာဖြင့် စိစစ်သော လှည့်လည်ကျက်စားသောအထပ်ထပ် ဆင်ခြင်ခြင်းသို့ ရောက်သောထို ရဟန်းအား မတွန့်မဆုတ် ကြိုးစားအားထုတ်မှု ‘ဝီရိယ’ သည် ဖြစ်၏။ ထိုအခါ၌ ရဟန်းအား ဝီရိယသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏၊ ထိုအခါ၌ ရဟန်းသည် ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ဝီရိယသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၃)
ကြိုးစားအားထုတ်မှု ‘ဝီရိယ’ ရှိသော ရဟန်းအား (ကိလေသာဟူသော) အာမိသကင်းသော နှစ်သိမ့်ခြင်း ‘ပီတိ’ သည် ဖြစ်၏။ ရဟန်းတို့ ကြိုးစားအားထုတ်မှု ‘ဝီရိယ’ ရှိသော ရဟန်းအား (ကိလေသာဟူသော) အာမိသကင်းသော နှစ်သိမ့်ခြင်း ‘ပီတိ’ ဖြစ်သောအခါ ရဟန်းအား ပီတိသမ္ဗောဇ္ဈင်သည်ပြည့်စုံ ၏၊ ထိုအခါ၌ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ပီတိသမ္ဗောဇ္ဈင်သည်ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၄)
နှစ်သိမ့်သော စိတ်ရှိသော ရဟန်းအား ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး ၏။ ရဟန်းတို့ အကြင်အခါ၌ နှစ်သိမ့်သော စိတ်ရှိသော ရဟန်းအား ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ့်သည်လည်း ငြိမ်းအေး၏။ ထိုအခါ၌ ရဟန်းအား ပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏၊ ထိုအခါ၌ ရဟန်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၅)
ငြိမ်းအေးသော ကိုယ်ရှိသော ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ရဟန်းတို့ငြိမ်းအေးသော ကိုယ်ရှိသော ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်သောအခါ၌ ရဟန်းအားသမာဓိသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏။ ထိုအခါ၌ ရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌သမာဓိသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၆)
ထိုရဟန်းသည် ထိုသို့တည်ကြည်သော စိတ်ကို ကောင်းစွာ အညီအမျှ ရှု၏။ ရဟန်းတို့ ရဟန်း သည်ထိုသို့တည်ကြည်သော စိတ်ကို ကောင်းစွာ အညီအမျှ ရှုသောအခါ ရဟန်းအား ဥပေက္ခာသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏။ ရဟန်းတို့ ထိုအခါ၌ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၇)
ရဟန်းတို့ ရဟန်းသည် ထင်သော သတိရှိသည်ဖြစ်၍ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ သဘောတရား တို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလျက် နေသောအခါ၌ ရဟန်းအား သတိ မလွတ်။ ရဟန်းတို့ရဟန်းအား ထင်သော သတိရှိသည်ဖြစ်၍ သတိ မလွတ်သောအခါ၌ ရဟန်းအား သတိသမ္ဗောဇ္ဈင်သည်ပြည့်စုံ၏။ ထိုအခါ၌ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ သတိသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ပ။
ထိုရဟန်းသည် ထိုသို့တည်ကြည်သော စိတ်ကို ကောင်းစွာ အညီအမျှ ရှု၏။ ရဟန်းတို့ ရဟန်း သည်ထိုသို့တည်ကြည်သော စိတ်ကို ကောင်းစွာ အညီအမျှ ရှုသောအခါ၌ ရဟန်းအား ဥပေက္ခာသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏။ ထိုအခါ၌ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။
ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်၏
ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်အသိဉာဏ် ‘ဝိဇ္ဇာ’ နှင့် လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကို ပြည့်စေကုန်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။
(ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။
ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်အသိဉာဏ် ‘ဝိဇ္ဇာ’ နှင့် လွတ်မြောက်မှု ‘ဝိမုတ္တိ’ကို ပြည့်စေကုန်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။