သံယုတ္တနိကာယ်—၅၄
၁—ဧကဓမ္မဝဂ်
၃—သုဒ္ဓိကသုတ်
၉၇၉။ ရဟန်းတို့ အာနာပါနဿတိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏။ ရဟန်းတို့ အာနာပါနဿတိကို အဘယ်သို့လျှင် ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် ထိုင်နေ၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ထုတ်၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ပ။ စွန့်လွှတ်မှုကို အဖန်တစ်လဲလဲရှုလျက် “ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက်”ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။
ရဟန်းတို့ အာနာပါနဿတိကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။