သံယုတ္တနိကာယ်—၅၆

၃—ကောဋိဂါမဝဂ်

၅—အာသဝက္ခယသုတ်

၁ဝ၉၅။ ရဟန်းတို့ သိသူ မြင်သူအား အာသဝကုန်ခြင်းကို ငါဆို၏၊ မသိသူ မမြင်သူအား အာသဝကုန်ခြင်းကို ငါ မဆို။ ရဟန်းတို့ အဘယ်သို့ သိသူ မြင်သူအား အာသဝကုန်ခြင်းသည် ဖြစ်သနည်း၊

ရဟန်းတို့ “ဤကား ဆင်းရဲတည်း”ဟု သိသူ မြင်သူအား အာသဝကုန်၏၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟု သိသူ မြင်သူအား အာသဝကုန်၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟုသိသူ မြင်သူအား အာသဝကုန်၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုသိသူ မြင်သူအား အာသဝကုန်၏။ ရဟန်းတို့ ဤသို့ သိသူ မြင်သူအား အာသဝကုန်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။