သံယုတ္တနိကာယ်—၅၆

၄—သီသပါဝနဝဂ်

၅—သတ္တိသတသုတ်

၁၁ဝ၅။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် အသက် အနှစ်တစ်ရာရှိ၏၊ အနှစ်တစ်ရာအသက်ရှည်၏၊ ထိုသူ့ကို “အမောင်ယောကျာ်း လာလော့၊ နံနက်အခါ၌ သင့်ကို လှံချက်တစ်ရာဖြင့် ညှဉ်း့ပန်းကုန်လတ္တံ့၊ မွန်းတည့်အခါ၌ လှံချက်တစ်ရာဖြင့် ညှဉ်းပန်းကုန်လတ္တံ့၊ ညနေချမ်းအခါ၌ လှံချက်တစ်ရာဖြင့် ညှဉ်းပန်းကုန်လတ္တံ့၊ အမောင်ယောကျာ်း နေ့တိုင်းနေ့တိုင်း လှံချက် သုံးရာသုံးရာတို့ဖြင့် ညှဉ်းပန်းခံရသော သင်သည် အသက် အနှစ်တစ်ရာရှိသည် ဖြစ်၍ အနှစ်တစ်ရာ အသက်ရှည်သည် ဖြစ်၍ အနှစ်တစ်ရာ ကုန်လွန်သောအခါ ထိုးထွင်းမသိရသေးသောအရိယာတို့၏ အမှန်တရားလေးပါးတို့ကိုထိုးထွင်း သိရလိမ့်မည်”ဟု ဤသို့ ပြောရာ၏။

ရဟန်းတို့ အကျိုးလိုလားသောအမျိုးကောင်းသားသည် အညှဉ်းပန်းခံရန် ကပ်ရောက်ထိုက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်ရကား လှံထိုးခံရသူသန်လျက်ဖြတ်ခံရသူ မြားပစ်ခံရသူ ပုဆိန်ပေါက်ခံရသူတို့၏ ရှေးအစွန်းသည် မထင်သောကြောင့်တည်း။

ရဟန်းတို့ ဤသို့ လှံထိုး သန်လျက်ဖြတ် မြားပစ် ပုဆိန်ပေါက် ခံရ၍ သစ္စာလေးပါးကို သိခဲ့မူအရိယသစ္စာလေးပါး သိမှုကို ဆင်းရဲခြင်း နှလုံးမသာခြင်းနှင့် တကွ ဖြစ်၏ဟု ငါ မဆို၊ ရဟန်းတို့စင်စစ်သော်ကား အရိယသစ္စာလေးပါး သိမှုကို ချမ်းသာခြင်း ဝမ်းမြောက်ခြင်းနှင့် တကွသာ ဖြစ်၏ဟု ငါဆို၏။ အဘယ်လေးပါးတို့နည်း —

ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။