သံယုတ္တနိကာယ်—၅၆
၄—သီသပါဝနဝဂ်
၇—ပဌမ သူရိယသုတ်
၁၁ဝ၇။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်ခြင်း၏ ရှေ့ပြေးပုဗ္ဗနိမိတ် ဖြစ်သကဲ့သို့ ဤအတူပင် ရဟန်းတို့ ရဟန်း၏ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’သည် အရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်းငှါ ရှေ့ပြေးပုဗ္ဗနိမိတ် ဖြစ်၏၊ ထိုရဟန်းသည် “ဤကားဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိလိမ့်မည်။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိလိမ့်မည်ဟု မျှော်လင့်အပ်၏။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။