သုတ္တနိပါတ်ပါဠိတော်

၈-မေတ္တသုတ်

၁၄၃။ ငြိမ်းအေးသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ နေလိုသော အကျိုး စီးပွါး၌ လိမ္မာသောသူသည် (ဤဆိုလတ္တံ့သော စည်းကမ်းနည်းလမ်းကို) ပြုကျင့် အပ်၏။ ကျင့်စွမ်းနိုင်ရမည်၊ ကိုယ် နှုတ်ဖြောင့်မတ်ရမည်၊ စိတ်နေ စိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်၊ ဆိုဆုံးမလွယ်ရမည်၊ စိတ်ထား နူးညံ့သိမ်မွေ့ရမည်၊ လွန်ကဲမြင့်မောက်သော မာနမရှိရာ။ (၁)

၁၄၄။ ပစ္စည်းလေးပါး၌ ရောင့်ရဲ လွယ်ရမည်၊ မွေးမြူ လွယ်ရမည်၊ အမှုကိစ္စ နည်းပါးရမည်၊ ဝန်ကျဉ်းပေါ့ပါးသော အသက်မွေးမှု ရှိရမည်၊ ငြိမ်သက်သော ဣန္ဒြေရှိရမည်၊ ရင့်ကျက်သော ပညာရှိရမည်၊ ကိုယ် နှုတ် နှလုံးကြမ်းတမ်းခြင်း မရှိရာ၊ ဒါယကာတို့၌ တပ်မက်မှု ကင်းရမည်။ (၂)

၁၄၅။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဉ်း အနည်းငယ်မျှလည်း မပြုကျင့်ရာ၊ (ဤစည်းကမ်းနည်းလမ်းကို လိုက်နာရမည်)၊ ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာခြင်းနှင့်ပြည့်စုံကုန်သည် ဘေးကင်းကုန်သည်ဖြစ်၍ ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။ (၃)

၁၄၆။ ကြွင်းမဲ့ဥဿုံ အလုံးစုံသော (ထွက်သက်ဝင်သက်ရှိ) သတ္တဝါ (ထွက်သက် ဝင်သက်မဲ့) သတ္တဝါတို့သည်လည်းကောင်း၊ ထိတ်လန့်သော (ပုထုဇဉ်) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ စိတ်ဓာတ်ခိုင်ခန့်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရှည်သော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ ကြီးသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ အလတ်စား့ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ ပုတိုသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ သေးဖွဲသိမ်မွေ့သော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ ဆူဖြိုးသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း။ (၄)

၁၄၇။ မြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း မမြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း၊ အဝေး၌ နေသော သတ္တဝါတို့သည်လည်းကောင်း၊ အနီး၌ နေသော သတ္တဝါတို့သည်လည်းကောင်း၊ (ရဟန္တာ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ (ပုထုဇဉ်သေက္ခ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။ (၅)

၁၄၈။ တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အရာ၌ တစ်စုံတစ်ယောက်ကိုမျှ ခြုပ်ခြယ်ခြင်းဖြင့်လည်းကောင်း၊ ရန်လိုသော စိတ်ဖြင့်လည်းကောင်း၊ မထီမဲ့မြင်မပြုပါစေလင့်၊ အချင်းချင်း ဆင်းရဲမှုကို အလို မရှိပါစေလင့်။ (၆)

၁၄၉။ မိခင်သည် ရင်၌ ဖြစ်သောတစ်ဦးတည်းသားကို အသက်ရှင်စေရန် အစဉ် စောင့်ရှောက်ဘိသကဲ့သို့ ဤအတူပင် သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည် မရှိသော မေတ္တာစိတ်ကို ပွါးများရာ၏။ (၇)

၁၅ဝ။ အထက် အောက်ဖီလာ အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်း မရှိသော အတွင်းရန်အပြင်ရန်ကင်းသော အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါး များရာ၏။ (၈)

၁၅၁။ ငိုက်မျဉ်းခြင်း ကင်း၍ ရပ်နေသမျှ သွားနေသမျှ ထိုင်နေသမျှ လျောင်း နေသမျှကာလပတ်လုံးဤ (မေတ္တာနှင့်ယှဉ်သော) သတိကို ပွါးများအံ့ဟု ဆောက် တည်ရာ၏။ ဤသာသနာတော်၌ မေတ္တာနှင့်ယှဉ်သော သတိဖြင့် နေခြင်းကို မြတ်သော နေခြင်း 'ဗြဟ္မဝိဟာရ'ဟူ၍ မြတ်စွာဘုရားတို့ဟောတော်မူကုန်၏။ (၉)

၁၅၂။ (ထိုမေတ္တာကမ္မဋ္ဌာန်းစီးဖြန်းသောသူသည် ) သက္ကာယဒိဋ္ဌိသို့လည်း မကပ်မူ၍ (လောကုတ္တရာ) သီလရှိသည် ဖြစ်လျက်သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ဝတ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌ တစ်ဖန် (ပဋိသန္ဓေ) နေခြင်းသို့ မရောက်တော့ပေဟု (မိန့်တော်မူ၏)။

ရှစ်ခုမြောက် မေတ္တသုတ် ပြီး၏။