အင်္ဂုတ္တရနိကာယ်
၂-နီဝရဏပ္ပဟာနဝဂ်
၁၁။ ရဟန်းတို့ ဤသုဘနိမိတ်၁သည် မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၂၏ ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ် ပြီးသော ကာမစ္ဆန္ဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သုဘနိမိတ်ကို မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
၁၂။ ရဟန်းတို့ ဤပဋိဃနိမိတ်၃သည် မဖြစ်ပေါ်သေးသော ဗျာပါဒ၏၄လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗျာပါဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဗျာပါဒ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗျာပါဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပဋိဃနိမိတ်ကို မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ဗျာပါဒသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဗျာပါဒသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
၁၃။ ရဟန်းတို့ ဤမမွေ့လျော်ခြင်း ပျင်းရိခြင်း ကိုယ်လက်ဆန့်ငင်ခြင်း ထမင်းဆီယစ်ခြင်း စိတ်၏ ဆုတ်နစ်ခြင်းသည် မဖြစ်ပေါ်သေးသော ထိန၅ မိဒ္ဓ၆၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိန မိဒ္ဓ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ထိန မိဒ္ဓ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိန မိဒ္ဓ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆုတ်နစ်သော စိတ်ရှိသူအား မဖြစ်ပေါ်သေးသော ထိန မိဒ္ဓသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ထိန မိဒ္ဓသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။
၁၄။ ရဟန်းတို့ ဤစိတ်၏ မငြိမ်းအေး၇ခြင်းသည် မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ၈ ကုက္ကုစ္စ၉၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ စိတ်မငြိမ်းအေးသောသူအား မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။
၁၅။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည်၁ဝ မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာ၁၁၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့ ဤအတူ မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ် သေးသော ဝိစိကိစ္ဆာသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
၁၆။ ရဟန်းတို့ ဤအသုဘနိမိတ်၁၂သည် မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ အသုဘနိမိတ်ကို သင့်လျော်သော အကြောင်း အားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
၁၇။ ရဟန်းတို့ ဤမေတ္တာစေတောဝိမုတ္တိ၁၃သည် မဖြစ်ပေါ်သေးသော ဗျာပါဒ၏လည်း မဖြစ်ပေါ် ကြောင်း ဖြစ်ပေါ်ပြီးသော ဗျာပါဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဗျာပါဒ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗျာပါဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေတ္တာစေတောဝိမုတ္တိ ကို သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော ဗျာပါဒသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ် ပြီးသော ဗျာပါဒသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
၁၈။ ရဟန်းတို့ ဤအာရဗ္ဘဓာတ်၁၄ နိက္ကမဓာတ်၁၅ ပရက္ကမဓာတ်၁၆သည် မဖြစ်ပေါ်သေးသော ထိနမိဒ္ဓ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ထိနမိဒ္ဓ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓ၏လည်း ကင်းပျောက်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ ရှိသော သူအား မဖြစ်ပေါ်သေးသော ထိနမိဒ္ဓသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
၁၉။ ရဟန်းတို့ ဤစိတ်၏ ငြိမ်းအေးခြင်းသည် မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သို့ ဤအတူ မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ငြိမ်းအေးသော စိတ်ရှိသောသူအား မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။
၂ဝ။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့်နှလုံးသွင်းခြင်း၁၇သည် မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့ သို့ ဤအတူ မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက် နီဝရဏပ္ပဟာနဝဂ် ပြီး၏။
၁။ ရာဂဖြစ်ကြောင်း နှစ်သက်ဖွယ် အာရုံ။
၂။ ကာမဂုဏ်တို့၌ ဖြစ်ပေါ်သော လိုလားတောင့်တခြင်း။
၃။ ဒေါသဖြစ်ကြောင်း မနှစ်သက်ဖွယ် အာရုံ။
၄။ သူတစ်ပါးကို ပျက်စီးစေလိုခြင်း။
၅။ စိတ်၏ မခံ့ကျန်းခြင်း လေးလံထိုင်းမှိုင်းခြင်း။
၆။ ကိုယ်၏ မခံ့ကျန်းခြင်း လေးလံထိုင်းမှိုင်းခြင်း။
၇။ ဈာန်ဖြင့်သော်လည်းကောင်း ဝိပဿနာဖြင့်သော်လည်းကောင်း မငြိမ်းအေးစေအပ်သေးသော စိတ်။
၈။ စိတ်၏ ပျံ့လွင့်ခြင်း။
၉။ ပြုလိုက်မိသော မကောင်းမှု မပြုလိုက်မိသော ကောင်းမှုကြောင့် ဖြစ်ပေါ်သော နှလုံးမသာခြင်း။
၁ဝ။ အနိစ္စ၌ နိစ္စဟု ဒုက္ခ၌ သုခဟု အနတ္တ၌ အတ္တဟု အသုဘ၌ သုဘဟု မှားသောနည်းလမ်းဖြင့် စိတ်၌ ထားခြင်း။
၁၁။ ဘုရားတရား သံဃာ သိက္ခာ စသည်တို့၌ သို့လော သို့လော တွေးတော ယုံမှားခြင်း။
၁၂။ ဥဒ္ဓုမာတက စသည့် အသုဘ ဆယ်ပါး၌ ဖြစ်သောအာရုံနှင့် တကွသော ပဌမဈာန်။
၁၃။ ဗျာပါဒမှ လွတ်သောစိတ်နှင့် ယှဉ်သော မေတ္တာဈာန်။
၁၄။ ဦးစွာအစ အားထုတ်ခြင်း။
၁၅။ ပျင်းရိမှုမှ လွတ်မြောက်အောင် အားထုတ်ခြင်း။
၁၆။ နိက္ကမဓာတ်ထက် လွန်ကဲအောင် အားထုတ်ခြင်း။
၁၇။ အနိစ္စ၌ အနိစ္စဟု ဒုက္ခ၌ ဒုက္ခဟု အနတ္တ၌ အနတ္တဟု အသုဘ၌ အသုဘဟု မှန်သော နည်းလမ်းဖြင့် စိတ်၌ထားခြင်း။