အင်္ဂုတ္တရနိကာယ်
(၂၁) ၁-ကရဇကာယဝဂ်
၂-ဒုတိယ နိရယသဂ္ဂသုတ်
၂၁၂။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ပစ်ချလိုက်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်သတ်လေ့ရှိ၏၊ ကြမ်းတမ်း၏၊ လက်၌ သွေးစွန်း၏၊ သတ်ဖြတ်ပုတ်ခတ်ရာ၌ စိတ်ဝင်စား၏၊ သတ္တဝါအားလုံးတို့၌ မသနားတတ်။ မပေးသည်ကို ယူလေ့ရှိ၏။ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏။ မဟုတ်မမှန် ပြောလေ့ရှိ၏။ ကုန်းစကား ပြောတတ်၏။ ရုန့်ရင်းကြမ်းတမ်းသော စကားရှိ၏။ ပြိန်ဖျင်းသော စကားရှိ၏။ အဘိဇ္ဈာများသူ ဖြစ်၏။ ပျက်စီးစေလိုသော စိတ်ရှိသူ ဖြစ်၏။ ဖောက်ပြန်သော အမြင်ရှိ၏။ “လှူရကျိုး မရှိ။ပ။ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြား နိုင်ကုန်သော သမဏဗြာဟ္မဏတို့ဟူသည် လောက၌ မရှိကုန်”ဟု ဖောက်ပြန်သော အမြင်ရှိ၏။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ပစ်ချလိုက်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီး ဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏့အစီးအပွါးကို လိုလားလျက် နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ပယ်၍ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏။ ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပယ်၍ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏။ ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏။ အဘိဇ္ဈာ မများသူ ဖြစ်၏။ မပျက်စီးစေလိုသော စိတ်ရှိသူ ဖြစ်၏။ မှန်ကန်သော အမြင်ရှိ၏။ “လှူရကျိုး ရှိ၏။ပ။ ဤလောကကို လည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုကာ ဟောကြားနိုင်ကုန်သော သမဏဗြာဟ္မဏတို့ဟူသည် ရှိကုန်၏”ဟု မဖောက်ပြန်သော အမြင်ရှိ၏။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့်ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။