အင်္ဂုတ္တရနိကာယ်

(၂၁) ၁-ကရဇကာယဝဂ်

၅-ဝိသာရဒသုတ်

၂၁၅။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသိကာမသည် မရဲရင့်မူ၍ အိမ်ကို စိုးအုပ်နေရ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—သူ့အသက်ကို သတ်လေ့ရှိ၏။ မပေးသည်ကို ယူလေ့ရှိ၏။ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏။ မဟုတ်မမှန် ပြောလေ့ရှိ၏။ ကုန်းစကားရှိ၏။ ရုန့်ရင်းကြမ်းတမ်းသော စကားရှိ၏။ ပြိန်ဖျင်းသော စကားရှိ၏။ အဘိဇ္ဈာများ၏။ ပျက်စီးစေလိုသော စိတ်ရှိသူဖြစ်၏။ မှားသော အမြင်ရှိ၏။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသိကာမသည် မရဲရင့်မူ၍ အိမ်ကို စိုးအုပ်နေရ၏။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသိကာမသည် ရဲရင့်စွာ အိမ်ကို စိုးအုပ်နေရ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏။ ကုန်းစကားမှ ရှောင်ကြဉ်၏။ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏။ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏။ အဘိဇ္ဈာမများသူ ဖြစ်၏။ မပျက်စီးစေလိုသော စိတ်ရှိသူဖြစ်၏။ မှန်ကန်သော အမြင်ရှိ၏။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသိကာမသည် ရဲရင့်စွာ အိမ်ကို စိုးအုပ်နေရ၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။