အင်္ဂုတ္တရနိကာယ်

၄-ရာဂပေယျာလ

၅ဝ၂။ ရဟန်းတို့ တပ်စွန်းမှု ‘ရာဂ’ကို ထူးသောဉာဏ်ဖြင့် သိရန် တရားတစ်ဆယ့်တစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ— ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ လွတ်မြောက်သော မေတ္တာစိတ်၊ လွတ်မြောက်သော ကရုဏာစိတ်၊ လွတ်မြောက်သော မုဒိတာစိတ်၊ လွတ်မြောက်သော ဥပေက္ခာစိတ်၊ အာကာသာနဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်တို့တည်း။ ရဟန်းတို့ တပ်စွန်းမှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် ဤတရား တစ်ဆယ့်တစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၁)

၅ဝ၃—၅၁၁။ ရဟန်းတို့ တပ်စွန်းမှု ‘ရာဂ’ကို ပိုင်းခြား၍ သိရန်။ ထက်ဝန်းကျင်ကုန်ရန်။ ပယ်ရန်။ ကုန်ခန်းရန်။ ပျက်စီးရန်။ ကင်းပြတ်ရန်။ ချုပ်ရန်။ စွန့်ရန်။ တစ်ဖန်စွန့်လွှတ်ရန်။ ဤတရား တစ်ဆယ့်တစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၂—၁ဝ)

၅၁၂—၆၇၁။ ပြစ်မှားမှု ‘ဒေါသ’ ကို။ပ။ တွေဝေမှု ‘မောဟ’ ကို။ အမျက်ထွက်မှု ‘ကောဓ’ ကို။ ရန်ငြိုးဖွဲ့မှု ‘ဥပနာဟ’ ကို။ သူ့ကျေးဇူးကို ချေဖျက်မှု ‘မက္ခ’ကို။ အပြိုင်ပြုမှု ‘ပဠာသ’ ကို။ ငြူစူမှု ‘ဣဿာ’ ကို။ ဝန်တိုမှု ‘မစ္ဆရိယ’ကို။ လှည့်ပတ်မှု ‘မာယာ’ ကို။ စဉ်းလဲမှု ‘သာဌေယျ’ ကို။ ခက်ထန်မှု ‘ထမ္ဘ’ ကို။ ခြုတ်ခြယ်မှု ‘သာရမ္ဘ’ ကို။ ထောင်လွှားမှု ‘မာန’ကို။ အလွန်ထောင်လွှားမှု ‘အတိမာန’ကို။ ယစ်မူးမှု ‘မဒ’ကို။ မေ့လျော့မှု ‘ပမာဒ’ကို။ ထူးသော ဉာဏ်ဖြင့် သိရန်။ပ။ ပိုင်းခြား၍ သိရန်။ ထက်ဝန်း ကျင် ကုန်ရန်။ ပယ်ရန်။ ကုန်ခန်းရန်။ ပျက်စီးရန်။ ကင်းပြတ်ရန်။ ချုပ်ရန်။ စွန့်ရန်။ တစ်ဖန် စွန့်လွှတ်ရန်။ပ။ တရားတစ်ဆယ့်တစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၁၁—၁၇ဝ)

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန် သတည်း။

ရာဂပေယျာလပြီး၏။

ဧကာဒသကနိပါတ် ပြီး၏။

အင်္ဂုတ္တရနိကာယ် မြန်မာပြန် ပြီးပြီ။