အင်္ဂုတ္တရနိကာယ်

(၁၂) ၂-အာပါယိကဝဂ်

၇-ကမ္မန္တသုတ်

၁၂ဝ။ ရဟန်းတို့ ပျက်စီးခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အမှု၏ ပျက်စီးခြင်း၊ အသက်မွေးမှု၏ ပျက်စီးခြင်း၊ အယူ၏ ပျက်စီးခြင်းတို့တည်း။ ရဟန်းတို့ အမှု၏ ပျက်စီးခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်ကို သတ်လေ့ရှိ၏။ပ။ ပြိန်ဖျင်းသော စကားကို ဆိုလေ့ရှိ၏။ ရဟန်းတို့ ဤသည်ကို အမှု၏ ပျက်စီးခြင်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အသက်မွေးမှု၏ ပျက်စီးခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မှားသော အသက်မွေးမှုရှိ၏၊ မှားသော အသက်မွေးမှုဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤသည်ကို အသက်မွေးမှု၏ ပျက်စီးခြင်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အယူ၏ ပျက်စီးခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် “ပေးလှူခြင်းသည် မရှိ၊ ယဇ်ပူဇော်ခြင်းသည် မရှိ။ပ။ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်”ဟု မှားသော အယူရှိ၏၊ ဖောကြဲ်ပန် သော အမြင်ရှိ၏။ ရဟန်းတို့ ဤသည်ကို အယူ၏ ပျက်စီးခြင်းဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ပျက်စီးခြင်း တို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အမှု၏ ပြည့်စုံခြင်း၊ အသက်မွေးမှု၏ ပြည့်စုံခြင်း၊ အယူ၏ ပြည့်စုံခြင်းတို့တည်း။ ရဟန်းတို့ အမှု၏ ပြည့်စုံခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို အမှု၏ ပြည့်စုံခြင်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အသက်မွေးမှု၏ ပြည့်စုံခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့ သောသူသည် ကောင်းသော အသက်မွေးခြင်းရှိ၏၊ ကောင်းသော အသက်မွေးမှုဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤသည်ကို အသက်မွေးမှု၏ ပြည့်စုံခြင်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အယူ၏ ပြည့်စုံခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် “ပေးလှူခြင်းသည် ရှိ၏၊ ယဇ်ပူဇော်ခြင်းသည် ရှိ၏။ပ။ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏”ဟု မှန်သော အယူရှိ၏၊ မဖောက် ပြန်သော အမြင်ရှိ၏။ ရဟန်းတို့ ဤသည်ကို အယူ၏ ပြည့်စုံခြင်းဟူ၍ ဆိုအပ်၏၊ ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။