အင်္ဂုတ္တရနိကာယ်

(၇) ၂-မဟာဝဂ်

၇-ကထာဝတ္ထုသုတ်

၆၈။ ရဟန်းတို့ စကားဖြစ်ကြောင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ “လွန်လေပြီးကာလက ဤသို့ ဖြစ်ဖူးပြီ”ဟု လွန်လေပြီးကာလကို အကြောင်းပြု၍မူလည်း စကားကို ပြောဆိုရာ၏၊ ရဟန်းတို့ “လာလတ္တံ့ကာလ၌ ဤသို့ ဖြစ်လိမ့်မည်”ဟု လာလတ္တံ့ကာလကို့အကြောင်းပြု၍မူလည်း စကားကို ပြောဆိုရာ၏၊ ရဟန်းတို့ “ယခုဖြစ်ဆဲကာလ၌ ဤသို့ ဖြစ်နေ၏”ဟု ယခုဖြစ်ဆဲသော ကာလကို အကြောင်းပြု၍မူလည်း စကားကို ပြောဆိုရာ၏။

ရဟန်းတို့ စကားနှီးနှောမိခြင်းဖြင့် ပုဂ္ဂိုလ်ကို “ဆွေးနွေးသင့်သူဟူ၍သော်လည်းကောင်း၊ မဆွေးနွေး သင့်သူဟူ၍သော်လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် တိုက်ရိုက်ဖြေဆိုရမည်ဖြစ်သော ပြဿနာကို တိုက်ရိုက်အားဖြင့် အကယ်၍ မဖြေဆိုငြားအံ့၊ ဝေဖန်၍ ဖြေဆိုရမည်ဖြစ်သော ပြဿနာကို ဝေဖန်၍ မဖြေဆိုငြားအံ့၊ တဖန် ပြန်မေး၍ ဖြေဆိုရမည်ဖြစ်သော ပြဿနာကို တဖန် ပြန်မေး၍ မဖြေဆိုငြားအံ့၊ (မဖြေဆိုဘဲ) ထားရမည်ဖြစ်သော ပြဿနာကို (မဖြေဆိုဘဲ) မထားငြားအံ့၊ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် မဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် တိုက်ရိုက်ဖြေဆိုရမည်ဖြစ်သော ပြဿနာကို တိုက်ရိုက်အားဖြင့် အကယ်၍ ဖြေဆိုအံ့၊ ဝေဖန်၍ ဖြေဆိုရမည်ဖြစ်သော ပြဿနာကို ဝေဖန်၍ ဖြေဆိုအံ့၊ တဖန် ပြန်မေး၍ ဖြေဆိုရမည် ဖြစ်သော ပြဿနာကို တဖန် ပြန်မေး၍ ဖြေဆိုအံ့၊ (မဖြေဆိုဘဲ) ထားရမည်ဖြစ်သော ပြဿနာကိုလည်း (မဖြေဆိုဘဲ) ထားအံ့။ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် ဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။

ရဟန်းတို့ စကားနှီးနှောမိခြင်းဖြင့် ပုဂ္ဂိုလ်ကို “ဆွေးနွေးသင့်သူဟူ၍လည်းကောင်း၊ မဆွေးနွေး သင့်သူဟူ၍လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် အကြောင်းဟုတ်သည် မဟုတ်သည်၌ အကယ်၍ မတည်အံ့၊ ကြံဆအပ်သော အရာ၌ အကယ်၍ မတည်အံ့၊ သိရမည့် ဝါဒ၌ အကယ်၍ မတည်အံ့၊ (ဖြေဆိုရမည့်) ကျင့်ဝတ်၌ အကယ်၍ မတည်အံ့၊ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် မဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် အကြောင်းဟုတ်သည် မဟုတ်သည်၌ အကယ်၍ တည်အံ့၊ ကြံဆအပ်သော အရာ၌ အကယ်၍ တည်အံ့၊ သိရမည့်ဝါဒ၌ အကယ်၍ တည်အံ့၊ (ဖြေဆိုရမည့်) ကျင့်ဝတ်၌ အကယ်၍ တည်အံ့။ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် ဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။

ရဟန်းတို့ စကားနှီးနှောမိခြင်းဖြင့် ပုဂ္ဂိုလ်ကို “ဆွေးနွေးသင့်သူဟူ၍လည်းကောင်း၊ မဆွေးနွေး သင့်သူဟူ၍လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် စကား တစ်ခုဖြင့် စကားတစ်ခုကို အကယ်၍ ဖုံးကွယ်အံ့၊ အပြင်စကားကို ဆောင်၍ ပယ်အံ့၊ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မနှစ်သက်ခြင်းကိုလည်း ထင်စွာပြုအံ့၊ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် မဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် စကား တစ်ခုဖြင့် စကားတစ်ခုကို အကယ်၍ မဖုံးကွယ်အံ့၊ အပြင်စကားကို ဆောင်၍ မပယ်အံ့၊ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မနှစ်သက်ခြင်းကိုလည်း ထင်စွာ မပြုအံ့၊ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် ဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။

ရဟန်းတို့ စကားနှီးနှောမိခြင်းဖြင့် ပုဂ္ဂိုလ်ကို “ဆွေးနွေးသင့်သူဟူ၍လည်းကောင်း၊ မဆွေးနွေးသင့်သူဟူ၍လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် အကယ်၍ (ပါဠိပါဌ်သားရွတ်ဖတ်၍) လွှမ်းမိုးအံ့၊ (အကြောင်းပြ၍) ဖိနှိပ်အံ့၊ (မေးသူ့စိတ်၌ သံသယရှိလာအောင်) ပြင်းစွာ ရယ်အံ့၊ အနည်းငယ် ချွတ်ယွင်းသည်ကို အမှားဖမ်းအံ့။ ရဟန်းတို့ ဤသို့ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် မဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် အကယ်၍ (ပါဠိပါဌ်သားရွတ်ဖတ်၍) မလွှမ်းမိုးအံ့၊ (အကြောင်းပြ၍) မဖိနှိပ်အံ့၊ (မေးသူ့စိတ်၌ သံသယ ရှိလာအောင်) ပြင်းစွာ မရယ်အံ့၊ အနည်းငယ် ချွတ်ယွင်းသည်ကို အမှား မဖမ်းအံ့။ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် ဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။

ရဟန်းတို့ စကားနှီးနှောမိခြင်းဖြင့် ပုဂ္ဂိုလ်ကို “မှီရာအကြောင်းရှိသူဟူ၍လည်းကောင်း၊ မှီရာ အကြောင်းမရှိသူဟူ၍လည်းကောင်း” သိအပ်၏။ ရဟန်းတို့ နားမထောင်သူသည် မှီရာအကြောင်းမရှိသူ ဖြစ်၏၊ နားထောင်သူသည် မှီရာ အကြောင်းရှိသူ ဖြစ်၏၊ ထိုသူသည် မှီရာအကြောင်းရှိသူ ဖြစ်ခဲ့သော် (အရိယာမဂ်ဟူသော) တစ်ခုသော တရားကို ထူးသော ဉာဏ်ဖြင့် သိ၏၊ (ဒုက္ခသစ္စာဟူသော) တစ်ခုသော တရားကို ပိုင်းခြားသိ၏၊ (အကုသိုလ်ဟူသော) တစ်ခုသော တရားကို ပယ်စွန့်၏၊ (နိဗ္ဗာန်ဟူသော) တစ်ခုသော တရားကို မျက်မှောက်ပြု၏။ ထိုပုဂ္ဂိုလ်သည် (အရိယာမဂ်ဟူသော) တစ်ခုသော တရားကို ထူးသော ဉာဏ်ဖြင့် သိ၍ (ဒုက္ခသစ္စာဟူသော) တစ်ခုသော တရားကို ပိုင်းခြားသိလျက် (အကုသိုလ်ဟူသော) တစ်ခုသော တရားကို ပယ်စွန့်ကာ (နိဗ္ဗာန်ဟူသော) တစ်ခုသော တရားကို မျက်မှောက်ပြုပြီး လျှင် ကိလေသာမှ ကောင်းစွာ လွတ်မြောက်သော အရဟတ္တဖိုလ်သို့ ရောက်၏၊ ရဟန်းတို့ (တဏှာ ဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ စိတ်၏ ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်သည် ရှိ၏၊ နှီးနှောမိခြင်းကြောင့်ဖြစ်သော စကားသည် ထို အရဟတ္တဖိုလ်တည်းဟူသော အကျိုးရှိ၏၊ ပြောဆိုတိုင်ပင်ခြင်းသည် ထို အရဟတ္တဖိုလ်တည်းဟူသော အကျိုးရှိ၏၊ နားထောင်ခြင်းဟူသော မှီရာအကြောင်းသည် ထို အရဟတ္တဖိုလ်တည်းဟူသော အကျိုးရှိ၏၊ နားထောင်၍ မှတ်ခြင်းသည် ထို အရဟတ္တဖိုလ်တည်းဟူသော အကျိုးရှိ၏ဟု (မိန့်တော်မူ၏)။

အကြင်သူတို့သည် ဆန့်ကျင်ကုန်သည်ဖြစ်၍ မှားသောအားဖြင့် နှလုံးသွင်း ကုန်ပြီးလျှင် ထောင်လွှားကုန်လျက် ပုထုဇဉ်တို့ ဥစ္စာဖြစ်သော ဂုဏ်သိက္ခာကို ထိခိုက်၍ အချင်းချင်း အပြစ်ရှာလျက် ပြောဆိုကုန်၏။ (ထိုသူတို့သည်) အချင်းချင်း၏ မကောင်းသဖြင့် ပြောဆိုအပ်သော အနည်းငယ်မျှ ချွတ်ယွင်းတွေဝေသော အရှုံးစကားကို အလွန် နှစ်သက်ကုန်၏၊ အရိယာပုဂ္ဂိုလ် ကား ထို စကားမျိုးကို မဆိုပေ။ ပညာရှိသည် အကယ်၍ စကားပြောဆိုလိုလျှင် အချိန်အခါကိုသိ၍တရား၌ တည်လျက်တရားနှင့် ယှဉ်စပ်သော အရိယာတို့၏ အသုံးအနှုန်းဖြစ်သော စကား ကို ဆိုရာ၏။ ပညာရှိသည် မဆန့်ကျင် မထောင်လွှားဘဲ မပျံ့လွင်သော စိတ်ဖြင့် ဂုဏ်မပြိုင်, နိုင်ထက်ကလူ မပြု၊ ထို ပညာရှိသည် ငြူစူခြင်းမရှိဘဲ ကောင်းစွာ သိ၍ ပြောဆို၏၊ ကောင်းစွာ ပြောဆိုအပ်သော စကားကိုလည်း ဝမ်းမြောက်ရာ၏၊ မကောင်းသဖြင့် ဆိုအပ်သော် မခြိမ်းခြောက်ရာ။ သူတစ်ပါးအား ခြုတ်ခြယ် စောင်းမြောင်းခြင်းကို မပြုကျင့်ရာ၊ ချွတ်ချော်သော စကားကိုလည်း (အပြစ်ဟု) မယူရာ၊ (ပါဠိပါဌ်သားတို့ကို ရွတ်၍လည်း) မလွှမ်းမိုး ရာ၊ (အကြောင်းပြ၍) မဖိနှိပ်ရာ၊ အမှန်အမှား ရောစပ်သော စကားကိုလည်း မဆိုရာ။ သူတော်ကောင်းတို့၏ ဆွေးနွေးခြင်းသည် စင်စစ် သိခြင်း ကြည်ညိုခြင်း အကျိုးငှါဖြစ်၏၊ ဤသို့လျှင် အရိယာတို့သည် တိုင်ပင်ကုန်၏။ ဤသည်ကား အရိယာတို့၏ တိုင်ပင်ခြင်းမည်၏၊ ပညာရှိသည် ထို အရိယာတို့၏ တိုင်ပင်ခြင်းကို သိ၍ မထောင်လွှားဘဲ တိုင်ပင်ရာသတည်း။

သတ္တမသုတ်။