အင်္ဂုတ္တရနိကာယ်

၁-ဗာလဝဂ်

၉-ခတသုတ်

၉။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်မဲသော သူယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရား သုံးမျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်မဲသော သူယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးအပ်သော မိမိ ကိုယ်ကို စောင့်ရှောက်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော လိမ္မာသော ပညာရှိသော သူတော်ကောင်းသည် ဂုဏ်ကို မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော လိမ္မာသော ပညာရှိသော သူတော်ကောင်းသည် ဂုဏ်ကို မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲထိုက် သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။