အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-လောဏကပလ္လဝဂ်

၄-ပရိသာသုတ်

၉၆။ ရဟန်းတို့ ပရိသတ်တို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— ပုဂ္ဂိုလ် မြတ်ရှိသော ‘အဂ္ဂဝတီ’ ပရိသတ်၊ မညီညွတ်သော ‘ဝဂ္ဂ’ ပရိသတ်၊ ညီညွတ်သော ‘သမဂ္ဂ’ ပရိသတ်တို့တည်း။

ရဟန်းတို့ ပုဂ္ဂိုလ်မြတ်ရှိသော ‘အဂ္ဂဝတီ’ ပရိသတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ သီတင်းကြီးရဟန်းတို့သည် ပစ္စည်းများခြင်းငှါ မကျင့်ကုန်၊ (သိက္ခာသုံးပါးကို) လျော့လျော့ မကျင့်ကုန်၊ အောက်သို့ သက်စေတတ်သော တရား၌ စွန့်ချအပ်သော လုံ့လရှိကုန်၏၊ ကင်းဆိတ်ခြင်း (သုံးပါး) ၌ ရှေ့သွားဖြစ်ကုန်၏။ မရောက်သေးသော (ဈာန် မဂ် ဖိုလ်) တရားသို့ ရောက်ခြင်းငှါ၊ မရသေးသော တရားကို ရခြင်းငှါ၊ မျက်မှောက်မပြုရသေးသော တရားကိုလည်း မျက်မှောက်ပြုခြင်းငှါ လုံ့လစိုက်ကုန်၏။ နောင်လာ တပည့်သားအပေါင်းတို့သည် ထို သီတင်းကြီးရဟန်းတို့၏ (အပြုအမူသို့) အတုလိုက်ကုန်၏၊ ထို နောင်လာ တပည့်သားအပေါင်းတို့သည်လည်း ပစ္စည်း များခြင်းငှါ မကျင့်ကုန်၊ (သိက္ခာသုံးပါးကိုလည်း) လျော့လျော့ မကျင့်ကုန်၊ အောက်သို့ သက်စေတတ်သော တရား၌ စွန့်ချအပ်သော လုံ့လရှိကုန်၏၊ ကင်းဆိတ်ခြင်း (သုံးပါး) ၌ ရှေ့သွားဖြစ်ကုန်၏။ မရောက် သေးသော (ဈာန် မဂ် ဖိုလ်)တရားသို့ ရောက်ခြင်းငှါ၊ မရသေးသော တရားကို ရခြင်းငှါ၊ မျက်မှောက် မပြုရသေးသော တရားကိုလည်း မျက်မှောက်ပြုခြင်းငှါ လုံ့လစိုက်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို ပုဂ္ဂိုလ်မြတ်ရှိသော ပရိသတ်ဟု ဆိုအပ်၏။

ရဟန်းတို့ မညီညွတ်သော ‘ဝဂ္ဂ’ ပရိသတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော် ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် မျက်ကွယ်မျက်မှောက် ငြင်းခုံခြင်း ဆန့်ကျင်ဘက် ပြောကြား စကားများတတ်ကြသည့်ပြင် အချင်းချင်း နှုတ်လှံထိုး၍လည်း နေကြကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို မညီညွတ်သော ပရိသတ်ဟု ဆိုအပ်၏။

ရဟန်းတို့ ညီညွတ်သော ‘သမဂ္ဂ’ ပရိသတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာ တော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် ညီညွတ်ကုန် ဝမ်းမြောက်ကုန်လျက် ဆန့်ကျင်ဘက်စကား ကို မပြောမူ၍ နို့နှင့် ရေ ရောစပ်ထားသကဲ့သို့ ဖြစ်ကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ကြည့်ရှုကြကုန်လျက် နေထိုင်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို ညီညွတ်သော ပရိသတ်ဟု ဆိုအပ်၏။

ရဟန်းတို့ အကြင် အခါ၌ ရဟန်းတို့သည် ညီညွတ်ကုန် ဝမ်းမြောက်ကုန်လျက် ဆန့်ကျင်ဘက် စကားကို မပြောကုန်မူ၍ နို့နှင့်ရေ ရောစပ်ထားသကဲ့သို့ ဖြစ်ကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ကြည့်ရှုကြကုန်လျက် နေထိုင်ကုန်၏။ ရဟန်းတို့ ထိုအခါ၌ ရဟန်းတို့သည် များစွာသော ကောင်းမှုကို ဖြစ်စေကုန်၏။ ရဟန်းတို့ ထိုအခါ၌ ရဟန်းတို့သည် စိတ်၏ ကိလေသာမှ လွတ်မြောက်ကြောင်းဖြစ်သော ဝမ်းမြောက်ခြင်း ‘မုဒိတာ’ ဖြင့် မြတ်သော နေခြင်းကို နေကုန်၏၊ ဝမ်းမြောက်သူအား နှစ်သိမ့်ခြင်း ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်သော သူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစား၏၊ ချမ်းသာခြင်းရှိသူ၏ စိတ်သည် တည်ကြည်၏။

ရဟန်းတို့ တောင်ထိပ်၌ မိုးသည်းထန်စွာ ရွာလတ်သော် ထို ရေသည် နိမ့်ရာနိမ့်ရာသို့ စီးဆင်း၍ တောင် ချောက် ပပ်ကြားကွဲ မြောင်းငယ်တို့ကို ပြည့်လျှံစေ၏၊ တောင် ချောက် ပပ်ကြားကွဲ မြောင်းငယ်တို့ ပြည့်လျှံကုန်ပြီးသော် အိုင်ငယ်တို့ကို ပြည့်လျှံစေကုန်၏၊ အိုင်ငယ်တို့ ပြည့်လျှံပြီးသော် အိုင်ကြီးတို့ကို ပြည့်လျှံစေကုန်၏၊ အိုင်ကြီးတို့ ပြည့်လျှံကုန်ပြီးသော် မြစ်ငယ်တို့ကို ပြည့်လျှံစေကုန်၏၊ မြစ်ငယ်တို့ ပြည့်လျှံကုန်ပြီးသော် မြစ်ကြီးတို့ကို ပြည့်လျှံစေကုန်၏၊ မြစ်ကြီးတို့ ပြည့်လျှံကုန်ပြီးသော် မဟာသမုဒ္ဒရာတို့ကို ပြည့်လျှံစေကုန်၏။

ရဟန်းတို့ ဤအတူသာလျှင် အကြင် အခါ၌ ရဟန်းတို့သည် ညီညွတ်ကုန် ဝမ်းမြောက်ကုန်လျက် ဆန့်ကျင်ဘက်စကားကို မပြောကုန်မူ၍ နို့နှင့်ရေ ရောစပ်ထားသကဲ့သို့ ဖြစ်ကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ကြည့်ရှုကြကုန်လျက် နေထိုင်ကြကုန်၏။ ရဟန်းတို့ ထိုအခါ၌့ရဟန်းတို့သည် များစွာသော ကောင်းမှုကို ဖြစ်စေကုန်၏။ ရဟန်းတို့ ထိုအခါ၌ ရဟန်းတို့သည် စိတ်၏ ကိလေသာမှ လွတ်မြောက်ကြောင်းဖြစ်သော ဝမ်းမြောက်ခြင်း ‘မုဒိတာ’ ဖြင့် မြတ်သော နေခြင်းကို နေကုန်၏၊ ဝမ်းမြောက်သူအား နှစ်သိမ့်ခြင်း ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်သော သူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစား၏၊ ချမ်းသာခြင်းရှိသူ၏ စိတ်သည် တည်ကြည်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤသုံးမျိုးတည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။