အင်္ဂုတ္တရနိကာယ်

၄-စက္ကဝဂ်

၁-စက္ကသုတ်

၃၁။ ရဟန်းတို့ ပြည့်စုံခြင်း ‘သမ္ပတ္တိ’ စက်တို့သည် ဤလေးမျိုးတို့တည်း။ ယင်းစက်တို့နှင့် ပြည့်စုံ သော နတ်လူတို့အား (သမ္ပတ္တိ) စက်လေးမျိုးသည် လည်၏၊ ယင်းစက်လေးမျိုးတို့နှင့် ပြည့်စုံသော နတ်လူတို့သည် မကြာမီပင် စည်းစိမ်တို့၌ များပြားသည့်အဖြစ်ပြန့်ပြောသည့်အဖြစ်သို့ ရောက်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— သင့်လျော်လျောက်ပတ်သော အရပ်၌ နေခြင်း၊ သူတော်ကောင်းကို မှီဝဲ ဆည်းကပ်ခြင်း၊ မိမိကိုယ်နှင့်စိတ်ကို ကောင်းစွာထားခြင်း၊ ရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှုရှိခြင်းတို့တည်း။ ရဟန်းတို့ ပြည့်စုံခြင်း ‘သမ္ပတ္တိ’ စက်တို့သည် ဤလေးမျိုးတို့တည်း။ ယင်းစက်တို့နှင့် ပြည့်စုံသော နတ်လူတို့အား (သမ္ပတ္တိ) စက်လေးမျိုးသည် လည်၏၊ ယင်းစက်လေးမျိုးတို့နှင့် ပြည့်စုံသော နတ်လူတို့သည် မကြာမီပင် စည်းစိမ်တို့၌ များပြားသည့်အဖြစ် ပြန့်ပြောသည့်အဖြစ်သို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

(အကြင်သူသည်) သင့်တင့်လျောက်ပတ်သော အရပ်၌ နေရာ၏၊ သူတော် ကောင်းကို အဆွေခင်ပွန်း ပြုရာ၏၊ ကောင်းစွာ (ကိုယ် နှုတ် နှလုံးကို) ထားခြင်းနှင့် ပြည့်စုံသူ ဖြစ်ရာ၏၊ ရှေးက ပြုခဲ့ဖူးသော ကောင်းမှုရှိသူ ဖြစ်ရာ၏၊ စည်းစိမ်ဥစ္စာ အခြံအရံ အကျော်အစောနှင့် ချမ်းသာခြင်းသည် ထိုသူကို လွှမ်းမိုးလေသတည်း။

ပဌမသုတ်။