အင်္ဂုတ္တရနိကာယ်

(၆) ၁-ပုညာဘိသန္ဒဝဂ်

၂-ဒုတိယ ပုညာဘိသန္ဒသုတ်

၅၂။ ရဟန်းတို့ ဤလေးမျိုးကုန်သော ကောင်းမှုအထု ကုသိုလ်အယဉ်တို့သည် ချမ်းသာကို ဆောင်တတ်ကုန်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်ကုန်သည် ချမ်းသာကျိုးရှှိိကုန်သည် နတ်ပြည်၌ ဖြစ်စေတတ်ကုန်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါး အလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ အရိယာသာဝကသည် “ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’့အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူ သော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤပဌမဖြစ်သော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာသာဝကသည် “မြတ်စွာဘုရား ဟောထားသော တရား တော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော် ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ် ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူ ထားထိုက်သော တရားတော်ပါ ပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီ ကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း”ဟုတရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤဒုတိယဖြစ်သော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာ ကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ် အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာ သာဝကသည် “မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် ကောင်းသော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် လျော်ကန်သော အကျင့် ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော ဤမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါ ပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်ယာမြေ ဖြစ်တော်မူပါပေ၏”ဟု သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတတိယဖြစ်သော ကောင်းမှုအထု ကုသိုလ် အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုး ရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ် အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာသာဝကသည် မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာကျွန်အဖြစ်မှ တော်လှန်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ် အပ်ကုန်သော၊ တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သော၊ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏။ ရဟန်းတို့ စတုတ္ထဖြစ်သော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေ့တတ်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ ရဟန်းတို့ ဤလေးမျိုးကုန်သော ကောင်းမှုအထု ကုသိုလ်အယဉ်တို့သည် ချမ်းသာကို ဆောင်တတ်ကုန်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်ကုန်သည် ချမ်းသာကျိုးရှှိိကုန်သည် နတ်ပြည်၌ ဖြစ်စေတတ်ကုန်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ် အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အကြင် ပုဂ္ဂိုလ်၏ သဒ္ဓါတရားသည် တုန်လှုပ်ခြင်း မရှိဘဲ မြတ်စွာဘုရား၌ ကောင်းစွာ တည်၏၊ အကြင် ပုဂ္ဂိုလ်၏ သီလသည်လည်းကောင်း မြတ်သည်လည်း ဖြစ်၏၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်အပ် ချီးမွမ်းအပ်သည်လည်း ဖြစ်၏ အကြင် ပုဂ္ဂိုလ်အား သံဃာတော်၌ ကြည်ညိုခြင်းသည်လည်းကောင်း၊ ဖြောင့်မတ်သည်ဖြစ်၍ ဖြစ်သော ဉာဏ်အမြင်သည်လည်းကောင်း ရှိ၏၊ ထိုပုဂ္ဂိုလ်ကို မဆင်းရဲ သော သူဟု ဆိုကုန်၏၊ ထို ပုဂ္ဂိုလ်၏ အသက်ရှင်နေခြင်းကို အချည်းအနှီးမဟုတ်ဟု ဆိုကုန်၏။ ထို့ကြောင့် မြတ်စွာဘုရားတို့၏ အဆုံးအမတော်ကို အောက်မေ့သော ပညာရှိသည် ယုံကြည်ခြင်းကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊ ကြည်ညိုခြင်းကိုလည်းကောင်း၊ သစ္စာလေးပါးတရားကို မြင်ခြင်းကိုလည်းကောင်း အားထုတ်ရာ၏။

ဒုတိယသုတ်။