အင်္ဂုတ္တရနိကာယ်

(၉) ၄-မစလဝဂ်

၅-တမောတမသုတ်

၈၅။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— အမှောင်၌ ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာရှိသော ပုဂ္ဂိုလ်၊ အမှောင်၌ ဖြစ်၍ အလင်း လျှင် လဲလျောင်းရာရှိသော ပုဂ္ဂိုလ်၊ အလင်း၌ ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာရှိသော ပုဂ္ဂိုလ်၊ အလင်း ၌ ဖြစ်၍ အလင်းလျှင် လဲလျောင်းရာရှိသော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာရှိသနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ယုတ်နိမ့်သော အမျိုးဟုဆိုအပ်သော ဒွန်းစဏ္ဍားမျိုး ၌သော်လည်းကောင်း၊ နှီးသမားမျိုး၌သော်လည်းကောင်း၊ တံငါမုဆိုးမျိုး၌သော်လည်းကောင်း၊ သားရေ လုပ်သမားမျိုး၌သော်လည်းကောင်း၊ ပန်းမှိုက်သွန်မျိုး၌သော်လည်းကောင်း ဖြစ်၏၊ ဆင်းရဲ၏၊ ထမင်း အဖျော် စားသောက်ဖွယ်နည်းပါး၏၊ ငြိုငြင်သဖြင့် အသက်မွေးရ၏၊ ယင်းအမျိုး၌ အစားကို ငြိုငြင်စွာ အဝတ်ကို ငြိုငြင်စွာ ရ၏၊ ထိုသူသည် အဆင်းလည်း မလှ၊ ရှုချင်ဖွယ်လည်း မရှိ၊ ပုကွလည်း ပုကွ၏၊ အနာလည်း များ၏၊ ကန်းသူသော်လည်းကောင်း၊ ကောက်သူသော်လည်းကောင်း၊ ခွင်သူသော်လည်းကောင်း၊ ဆွံ့သူသော်လည်းကောင်း ဖြစ်ရ၏၊ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အဆောက်အဦကို ရသူ မဟုတ်။ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ မကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။ ရဟန်း တို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာ ရှိ၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အလင်းလျှင် လဲလျောင်းရာရှိသနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ယုတ်နိမ့်သော အမျိုးဟု ဆိုအပ်သော ဒွန်းစဏ္ဍားမျိုး ၌သော်လည်းကောင်း၊ နှီးသမားမျိုး၌သော်လည်းကောင်း၊ တံငါမုဆိုးမျိုး၌သော်လည်းကောင်း၊ သားရေ လုပ်သမားမျိုး၌သော်လည်းကောင်း၊ ပန်းမှိုက်သွန်မျိုး၌သော်လည်းကောင်း ဖြစ်၏၊ ဆင်းရဲ၏၊ ထမင်း အဖျော် စားသောက်ဖွယ်နည်းပါး၏၊ ငြိုငြင်သဖြင့် အသက်မွေးရ၏၊ ယင်းအမျိုး၌ အစားကို ငြိုငြင်စွာ အဝတ်ကို ငြိုငြင်စွာ ရ၏၊ ထိုသူသည် အဆင်းလည်း မလှ၊ ရှုချင်ဖွယ်လည်း မရှိ၊ ပုကွလည်း ပုကွ၏၊ အနာလည်း များ၏၊ ကန်းသူသော်လည်းကောင်း၊ ကောက်သူသော်လည်းကောင်း၊ ခွင်သူသော်လည်းကောင်း၊ ဆွံ့သူသော်လည်းကောင်း ဖြစ်ရ၏၊ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အဆောက်အဦကို ရသူ မဟုတ်။ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အလင်းလျှင် လဲလျောင်းရာ ရှိ၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာရှိသနည်း။ ရဟန်းတို့ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မြင့်မြတ်သော အမျိုးဟု ဆိုအပ်သော ခတ္တိယမဟာ သာလမျိုး၌သော်လည်းကောင်း၊ ဗြာဟ္မဏမဟာသာလမျိုး၌သော်လည်းကောင်း၊ ဂဟပတိမဟာသာလမျိုး၌ သော်လည်းကောင်း ဖြစ်ရ၏၊ ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏၊ များသော ရွှေငွေရှိ၏၊ များသော နှစ်သက်ဖွယ် အသုံးအဆောင်ရှိ၏၊ များသော ဥစ္စာစပါးရှိ၏၊ ထိုသူသည် အဆင်း့လည်း လှ၏၊ ရှုချင်ဖွယ်လည်း ရှိ၏၊ ကြည်ညိုဖွယ်လည်း ရှိ၏၊ ကောင်းမြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အသုံး အဆောင်ကို ရသူဖြစ်၏။ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ မကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာရှိသည် မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အလင်းလျှင် လဲလျောင်းရာရှိသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်သော အမျိုးဟု ဆိုအပ်သော ခတ္တိယမဟာ သာလမျိုး၌သော်လည်းကောင်း၊ ဗြာဟ္မဏမဟာသာလမျိုး၌သော်လည်းကောင်း၊ ဂဟပတိမဟာသာလမျိုး၌ သော်လည်းကောင်း ဖြစ်ရ၏၊ ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏၊ များသော ရွှေငွေရှိ၏၊ များသော နှစ်သက်ဖွယ် အသုံးအဆောင် ရှိ၏၊ များသော ဥစ္စာရှိ၏၊ ထိုသူသည် အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏၊ များသော ဥစ္စာရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ ကောင်းမြတ်သော အဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၏၊ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အသုံးအဆောင်ကို ရသူဖြစ်၏။ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အလင်းလျှင် လဲလျောင်းရာ ရှိ၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။