အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-အသုရဝဂ်

၃-ဒုတိယ သမာဓိသုတ်

၉၃။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကို ရ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုကား မရ။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကို ရ၏၊ မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုကား မရ။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း မရ၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း မရ။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မိမိ့သန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း ရ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း ရ၏။

ရဟန်းတို့ ထို ပုဂ္ဂိုလ်လေးမျိုးတို့တွင် မိမိ၏သန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုသာ ရ၍ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကို မရသေးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်း၌ တည်၍ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကို အားထုတ် အပ်၏၊ ထိုသူသည် နောင်အခါ မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း ရ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း ရ၏။

ရဟန်းတို့ ထို ပုဂ္ဂိုလ်လေးမျိုးတို့တွင် သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာ ကိုသာ ရ၍ မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကို မရသေးသော ပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာ၌ တည်၍ မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကို အားထုတ် အပ်၏၊ ထိုသူသည် နောင်အခါ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း ရ၏၊ မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း ရ၏။

ရဟန်းတို့ ထို ပုဂ္ဂိုလ်လေးမျိုးတို့တွင် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း မရ၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း မရသော ပုဂ္ဂိုလ်သည် ထို ကုသိုလ်တရားတို့ကိုပင် ရရန်လွန်ကဲသော ပြုလိုမှု ‘ဆန္ဒ’ ကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်ခြင်း ကိုလည်းကောင်း၊ ကြိုးစားခြင်းကိုလည်းကောင်း၊ မဆုတ်နစ်ခြင်းကိုလည်းကောင်း၊ အောက်မေ့ခြင်းကိုလည်းကောင်း၊ ဆင်ခြင်ဉာဏ်ကိုလည်းကောင်း ပြုအပ်၏။

ရဟန်းတို့ ပုဆိုးကို မီးလောင်သူသည်လည်းကောင်း၊ ဦးခေါင်းကို မီးလောင်သူသည်လည်းကောင်း၊ ထို ပုဆိုးကိုသော်လည်းကောင်း၊ ဦးခေါင်းကိုသော်လည်းကောင်း မီးငြိမ်းစေရန် လွန်ကဲသော ပြုလိုမှု ‘ဆန္ဒ’ ကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်ခြင်းကိုလည်းကောင်း၊ ကြိုးစားခြင်းကိုလည်းကောင်း၊ မဆုတ်နစ်ခြင်းကိုလည်းကောင်း၊ အောက်မေ့ခြင်းကိုလည်းကောင်း၊ ဆင်ခြင်ဉာဏ်ကိုလည်းကောင်း ပြုသကဲ့ သို့၊ ဤအတူသာလျှင် ယင်းပုဂ္ဂိုလ်သည် ထို ကုသိုလ်တရားတို့ကိုပင် ရရန် လွန်ကဲသော ပြုလိုမှု ‘ဆန္ဒ’ကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်ခြင်းကိုလည်းကောင်း၊ ကြိုးစားခြင်းကိုလည်းကောင်း၊ မဆုတ်နစ်ခြင်းကိုလည်းကောင်း၊ အောက်မေ့ခြင်းကိုလည်းကောင်း၊ ဆင်ခြင်ဉာဏ်ကိုလည်းကောင်း ပြုအပ်၏၊ ထိုသူသည် နောင်အခါ မိမိသန္တာန်၌ တည်ကြည်ခြင်းကိုလည်း ရ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း ရ၏။

ရဟန်းတို့ ထို ပုဂ္ဂိုလ်လေးမျိုးတို့တွင် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း ရ၍ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း ရသော ပုဂ္ဂိုလ်သည် ယင်းကုသိုလ်တရားတို့၌ပင် တည်၍ အာသဝေါတရားတို့ ကုန်ရန် အတိုင်းထက် အလွန်အားထုတ်အပ်၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်