အင်္ဂုတ္တရနိကာယ်
(၁၅) ၅-တိကဏ္ဍကီဝဂ်
၆-မိတ္တသုတ်
၁၄၆။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို အဆွေခင်ပွန်းဟူ၍ မမှီဝဲအပ်။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
(လယ်လုပ်ခြင်းကုန်သွယ်ခြင်း စသော) အလုပ်ကို ပြုလုပ်စေ၏၊ အဓိကရုဏ်းလေးပါးကို ယူတတ်၏၊ အကြီးအမှူးဖြစ်သော ရဟန်းတို့၌ ဆန့်ကျင်၏၊ ရှည်မြင့်စွာ သွားလာခြင်း အပိုင်းအခြားမရှိ သွားလာခြင်းကို အားထုတ်လျက် နေထိုင်၏၊
ရံဖန်ရံခါ တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေခြင်းငှါ မစွမ်းနိုင်။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို အဆွေခင်ပွန်းဟူ၍ မမှီဝဲအပ်။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို အဆွေခင်ပွန်းဟူ၍ မှီဝဲအပ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
(လယ်လုပ်ခြင်းကုန်သွယ်ခြင်း စသော) အလုပ်ကို မပြုလုပ်စေတတ်၊ အဓိကရုဏ်းလေးပါးကို မယူတတ်၊ အကြီးအမှူးဖြစ်သော ရဟန်းတို့၌ မဆန့်ကျင်၊ ရှည်မြင့်စွာ သွားလာခြင်း အပိုင်းအခြားမရှိ သွားလာခြင်းကို အားထုတ်လျက် မနေထိုင်။
ရံဖန်ရံခါ တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေခြင်းငှါ စွမ်းနိုင်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို အဆွေခင်ပွန်းဟူ၍ မှီဝဲအပ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။