အင်္ဂုတ္တရနိကာယ်

(၂ဝ) ၅-ဗြာဟ္မဏဝဂ်

၇-ဝဿသုတ်

၁၉၇။ ရဟန်းတို့ မိုး၏ အန္တရာယ်တို့သည် ဤငါးမျိုးတို့တည်း၊ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိသည် မသက်ဝင်နိုင်။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ အထက်ကောင်းကင်၌ တေဇောဓာတ်သည် ပျက်စီး၏ ‘ဖောက်ပြန်၏’၊ ထို့ကြောင့်ပေါ်ပေါက်လာသော မိုးတို့သည် တစ်ဖန်ပျောက်ကင်းကုန်၏၊ ရဟန်းတို့ ဤသည်ကား မိုး၏ ပဌမအန္တရာယ်ပင်တည်း၊ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိသည် မသက်ဝင်နိုင်။

ရဟန်းတို့ နောက်တစ်မျိုးကား အထက်ကောင်းကင်၌ ဝါယောဓာတ်သည် ပျက်စီး၏ ‘ဖောက်ပြန်၏’၊ ထို့ကြောင့် ပေါ်ပေါက်လာသော မိုးတို့သည် တစ်ဖန်ပျောက်ကင်းကုန်၏၊ ရဟန်းတို့ ဤ သည်ကား မိုး၏ဒုတိယအန္တရာယ်ပင်တည်း၊ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိသည် မသက်ဝင်နိုင်။

ရဟန်းတို့ နောက်တစ်မျိုးကား ရာဟုအသုရိန်သည် လက်ဖြင့် မိုးရေကို ခံပြီးလျှင် သမုဒ္ဒရာ၌ စွန့်ပစ်၏၊ ရဟန်းတို့ ဤသည်ကား မိုး၏ တတိယအန္တရာယ်ပင်တည်း၊ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိသည် မသက်ဝင်နိုင်။

ရဟန်းတို့ နောက်တစ်မျိုးကား မိုးတိမ် ‘ဝဿဝလာဟက’ နတ်တို့သည် မေ့လျော့ကုန်၏၊ ရဟန်းတို့ဤသည်ကား မိုး၏ စတုတ္ထအန္တရာယ်ပင်တည်း၊ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိသည် မသက်ဝင်နိုင်။

ရဟန်းတို့ နောက်တစ်မျိုးကား လူတို့သည် တရားမစောင့်ကုန်၊ ရဟန်းတို့ ဤသည်ကား မိုး၏ပဉ္စမအန္တရာယ်ပင်တည်း၊ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိသည် မသက်ဝင်နိုင်။

ရဟန်းတို့ မိုး၏ အန္တရာယ်တို့သည် ဤငါးမျိုးတို့တည်း၊ ယင်းအန္တရာယ်ကို နိမိတ်ဖတ်တတ်သူတို့သည် မသိကုန်၊ ယင်းအန္တရာယ်၌ နိမိတ်ဖတ်တတ်သူတို့၏ ပညာမျက်စိသည် မသက်ဝင်နိုင်ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။