အင်္ဂုတ္တရနိကာယ်

(၂၂) ၂-အက္ကောသကဝဂ်

၁-အက္ကောသကသုတ်

၂၁၁။ ရဟန်းတို့ သီတင်းသုံးဖော်တို့ကို ဆဲရေးတတ် ရေရွတ်ကြိမ်းမောင်းတတ် အရိယာပုဂ္ဂိုလ်တို့အား စွပ်စွဲတတ်သော ရဟန်းသည် အပြစ်ငါးမျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

(လောကုတ္တရာတရား) ပြတ်၍ (လောကုတ္တရာတရားမှ) ဆုံးရှုံး၏။

ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့မူလည်း ရောက်၏။

ပြင်းထန်သော ရောဂါသို့မူလည်း ရောက်၏။

တွေဝေလျက် သေရ၏။

ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ သီတင်းသုံးဖော်တို့ကို ဆဲရေးတတ် ရေရွတ်ကြိမ်းမောင်းတတ် အရိယာပုဂ္ဂိုလ်တို့အားစွပ်စွဲတတ်သော ရဟန်းသည် ဤအပြစ်ငါးမျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။