အင်္ဂုတ္တရနိကာယ်

(၂၂) ၂-အက္ကောသကဝဂ်

၄-ဗဟုဘာဏိသုတ်

၂၁၄။ ရဟန်းတို့ စကားများသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မဟုတ်မမှန်သည်ကို ပြောမိတတ်၏။

ကုန်းစကားကို ပြောမိတတ်၏။

ကြမ်းတမ်းသော စကားကို ပြောမိတတ်၏။

ပြိန်ဖျင်းသော စကားကို ပြောမိတတ်၏။

ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ စကားများသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့ပင်တည်း။

ရဟန်းတို့ ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မဟုတ်မမှန်သည်ကို မပြောမိတတ်။

ကုန်းစကားကို မပြောမိတတ်။

ကြမ်းတမ်းသော စကားကို မပြောမိတတ်။

ပြိန်ဖျင်းသော စကားကို မပြောမိတတ်။

ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့ ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့ တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။