အင်္ဂုတ္တရနိကာယ်

(၆) ၁-နီဝရဏဝဂ်

၆-ဥပဇ္ဈာယသုတ်

၅၆။ ထိုအခါ ရဟန်းတစ်ပါးသည် မိမိဥပဇ္ဈာယ်ဆရာထံသို့ ချဉ်းကပ်၍ “အသျှင်ဘုရား ယခုအခါ၌ အကျွန်ုပ်၏ ကိုယ်သည် လေးလံနေပါ၏၊ အရပ်ရှစ်မျက်နှာတို့သည်လည်း အကျွန်ုပ်အား မထင်ပါကုန်၊ တရားတို့လည်း အကျွန်ုပ်အား မထင်လာပါကုန်၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ သည်လည်း အကျွန်ုပ်၏စိတ်ကို သိမ်းကျုံးယူ၍ တည်နေပါ၏၊ မမွေ့လျော်ပါဘဲလျက်လည်း မြတ်သော အကျင့်ကို ကျင့်၍နေရပါ၏၊ တရားတို့၌ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ သည်လည်း အကျွန်ုပ်အား ရှိပါ၏”ဟု လျှောက်၏။

ထိုအခါ ထို (ဆရာဥပဇ္ဈာယ်) ရဟန်းသည် ထိုအတူနေ တပည့်ရဟန်းကို ခေါ်ကာ မြတ်စွာဘုရား ထံသို့ချဉ်းကပ်ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—

“အသျှင်ဘုရား ဤရဟန်းသည် ဤသို့ပြောဆိုပါ၏ ‘အသျှင်ဘုရား ယခုအခါ၌ အကျွန်ုပ်၏ ကိုယ် သည်လေးလံနေပါ၏၊ အရပ်ရှစ်မျက်နှာတို့သည်လည်း အကျွန်ုပ်အား မထင်ပါကုန်၊ တရားတို့သည်လည်းအကျွန်ုပ်အား မထင်လာပါကုန်၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ သည်လည်း အကျွန်ုပ်၏ စိတ်ကိုသိမ်းကျုံး၍ တည်နေပါ၏၊ မမွေ့လျော်ပါဘဲလျက်လည်း မြတ်သောအကျင့်ကို ကျင့်၍ နေရပါ၏၊ တရားတို့၌ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’သည်လည်း အကျွန်ုပ်အား ရှိပါ၏’ဟု ဆိုပါ၏”ဟု (လျှောက်၏)။

ရဟန်း ဤစကားသည် ဤအတိုင်းပင်ဟုတ်၏၊ ဣန္ဒြေတို့၌ မစောင့်ရှောက် မလုံခြုံသော တံခါးရှိသည်ဖြစ်၍ ဘောဇဉ်တို့၌ အတိုင်းအရှည်ကို မသိသော နိုးကြားမှုကို အားမထုတ်သော ကုသိုလ်တရားတို့ကို မရှုမူ၍ ညဉ့်၏ ရှေ့ပိုင်းနောက်ပိုင်း၌ ဗောဓိပက္ခိယတရား ပွါးများအားထုတ်မှုကို အားမထုတ်မူ၍နေသော ရဟန်းအား ကိုယ်သည် လေးလံနေ၏၊ အရပ်ရှစ်မျက်နှာတို့သည်လည်း ထိုရဟန်းအား မထင်ကုန်၊ တရားတို့သည်လည်း ထိုရဟန်းအား မထင်လာကုန်၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ သည်လည်းထိုရဟန်း၏ စိတ်ကို သိမ်းကျုံး၍ တည်နေ၏၊ မမွေ့လျော်ဘဲလျက်လည်း မြတ်သောအကျင့်ကို ကျင့်၍နေရ၏၊ ထိုရဟန်းအား တရားတို့၌လည်း မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ သည် ဖြစ်၏။

ရဟန်း ထိုအကြောင်းကြောင့် သင်သည် ဤသို့ ကျင့်ရမည်။

“(ငါသည်) ဣန္ဒြေတို့၌စောင့်ရှောက်လုံခြုံသော တံခါးရှိသူ ဖြစ်အံ့၊ ဘောဇဉ်တို့၌ အတိုင်းအရှည်ကိုသိသူ နိုးကြားမှု၌ အားထုတ်သူ ကုသိုလ်တရားတို့ကို ရှုသူ ညဉ့်၏ ရှေ့ပိုင်းနောက်ပိုင်း၌ ဗောဓိပက္ခိယတရားပွါးများ အားထုတ်မှုကို အားထုတ်သူ ဖြစ်၍ နေအံ့”ဟု (ကျင့်ရမည်)။

ရဟန်း ဤသို့လျှင် သင်သည် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ထိုအခါ ထိုရဟန်းသည် မြတ်စွာဘုရားက ဤအဆုံးအမတော်ဖြင့် ဆုံးမအပ်သည်ဖြစ်၍ နေရာမှထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲသွားလေ၏။

ထိုအခါ ထိုရဟန်းသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်ပြီးလျှင် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ့ရဟန်းဘောင်သို့ ဝင်ရောက်ကြသော အမျိုးကောင်းသားတို့ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏၊ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ထို့နောက် ထိုရဟန်းသည် အရဟတ္တဖိုလ်သို့ ရောက်လတ်သော် မိမိ ဥပဇ္ဈာယ်ဆရာထံသို့ ချဉ်း ကပ်၍—

“အသျှင်ဘုရား ယခုအခါ၌ အကျွန်ုပ်၏ကိုယ်သည် လေးလံခြင်း မဖြစ်တော့ပါ၊ အရပ်ရှစ်မျက်နှာတို့သည်လည်း အကျွန်ုပ်အား ထင်ပါကုန်၏၊ တရားတို့သည်လည်း အကျွန်ုပ်အား ထင်လာပါကုန်၏၊ လေးလံ ထိုင်းမှိုင်းခြင်း’ထိနမိဒ္ဓ’သည်လည်း အကျွန်ုပ်၏ စိတ်ကို သိမ်းကျုံး၍ မတည်တော့ပါ၊ မွေ့လျော်စွာလည်း မြတ်သော အကျင့်ကို ကျင့်ရပါ၏၊ တရားတို့၌ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ သည်လည်းအကျွန်ုပ်အား မရှိ တော့ပါ”ဟု လျှောက်၏။

ထိုအခါ ထိုဆရာဥပဇ္ဈာယ်ရဟန်းသည် ထိုအတူနေ တပည့်ရဟန်းကို ခေါ်ကာ မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား—

“အသျှင်ဘုရား ဤရဟန်းသည် ဤသို့ ပြောဆိုပါ၏။

‘အသျှင်ဘုရား ယခုအခါ၌ အကျွန်ုပ်၏ကိုယ်သည် လေးလံခြင်း မဖြစ်တော့ပါ၊ အရပ်ရှစ်မျက်နှာတို့သည်လည်း အကျွန်ုပ်အား ထင်ပါကုန်၏၊ တရားတို့သည်လည်း အကျွန်ုပ်အား ထင်လာပါကုန်၏၊ လေးလံ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’သည်လည်း အကျွန်ုပ်၏စိတ်ကို သိမ်းကျုံး၍ မတည်တော့ပါ၊ မွေ့လျော်စွာလည်း မြတ်သောအကျင့်ကို ကျင့်ရပါ၏၊ တရားတို့၌ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ သည်လည်းအကျွန်ုပ်အား မရှိတော့ပါ’ဟူ၍ ပြောဆိုပါ၏”ဟု လျှောက်၏။

ရဟန်း ဤစကားသည် ဤအတိုင်းပင်ဟုတ်၏၊ ဣန္ဒြေတို့၌စောင့်ရှောက်လုံခြုံသော တံခါးရှိသည်ဖြစ်၍ ဘောဇဉ်တို့၌ အတိုင်းအရှည်ကိုသိသော နိုးကြားမှုကို အားထုတ်သော ကုသိုလ်တရားတို့ကိုရှုသည် ဖြစ်၍ ညဉ့်၏ ရှေ့ပိုင်းနောက်ပိုင်း၌ ဗောဓိပက္ခိယတရား ပွါးများအားထုတ်မှုကို အားထုတ်၍နေသော ရဟန်းအား ကိုယ်သည် လေးလံ မနေတော့ပေ၊ အရပ်ရှစ်မျက်နှာတို့သည်လည်း ထိုရဟန်းအားထင်ကုန်၏၊ တရားတို့သည်လည်း ထိုရဟန်းအား ထင်လာကုန်၏၊ လေးလံထိုင်းမှိုင်းခြင်း’ထိနမိဒ္ဓ’ သည်လည်း ထိုရဟန်း၏ စိတ်ကို သိမ်းကျုံး၍ မတည်၊ မွေ့လျော်စွာလည်း မြတ်သောအကျင့်ကို ကျင့်ရ၏၊ ထိုရဟန်းအား တရားတို့၌လည်း မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ သည် မဖြစ်တော့ပေ။

ရဟန်းတို့ ထိုအကြောင်းကြောင့် သင်တို့သည် ဤသို့ ကျင့်ရမည်—

“(ငါတို့သည်) ဣန္ဒြေတို့၌စောင့်ရှောက်လုံခြုံသော တံခါးရှိသူ ဖြစ်ကုန်အံ့၊ ဘောဇဉ်တို့၌ အတိုင်းအရှည်ကို သိသူ နိုးကြားမှု၌ အားထုတ်သူ ကုသိုလ်တရားတို့ကို ရှုသူ ညဉ့်၏ ရှေ့ပိုင်းနောက်ပိုင်း၌ ဗောဓိပက္ခိယတရား ပွါးများအားထုတ်မှုကို အားထုတ်သူဖြစ်၍ နေကုန်အံ့”ဟု (ကျင့်ရမည်)။ ရဟန်းတို့ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။