အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-ကကုဓဝဂ်
၈-အာရညကသုတ်
၉၈။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို ကြိမ်ဖန်များစွာအလေ့အလာပြုသည်ရှိသော် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (အမှုသစ်ကို) အားထုတ်မှု နည်းပါး၏၊ ကိစ္စနည်း ပါး၏၊ မွေးမြူလွယ်၏၊ အသက်၏ အဆောက်အဦဖြစ်သော ပစ္စည်းတို့၌ ရောင့်ရဲလွယ်၏။
အစားအသောက် နည်းပါး၏၊ ဝမ်းရေးကို အားမထုတ်။
အအိပ်နည်းပါး၏၊ နိုးကြားမှု၌ အားထုတ်၏။
တော၌ နေ၏၊ အစွန်အဖျားကျသော ကျောင်းလျှင် နေရာရှိ၏။
(ကိလေသာမှ) လွတ်မြောက်တိုင်းသော စိတ်ကို ဆင်ခြင်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို ကြိမ်ဖန်များစွာအလေ့အလာပြုသည်ရှိသော် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။