အင်္ဂုတ္တရနိကာယ်

၃-အနုတ္တရိယဝဂ်

၃-ဘယသုတ်

၂၃။ ရဟန်းတို့ ‘ဘေး’ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း၊ ရဟန်းတို့’ဒုက္ခ’ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း၊ ရဟန်းတို့ ‘ရောဂါ’ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း၊ ရဟန်းတို့ ‘အိုင်းအမာ’ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏အမည်တည်း၊ ရဟန်းတို့ ‘ကပ်ငြိခြင်း’ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း၊ ရဟန်းတို့ ‘ညွန်ပျောင်း’ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း။

ရဟန်းတို့ အဘယ်ကြောင့် ‘ဘေး’ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်ဖြစ်သနည်း။

ရဟန်းတို့ ကာမဂုဏ်တို့၌ ကာမရာဂဖြင့် တပ်မက်၍ ဆန္ဒရာဂဖြင့် နှောင်ဖွဲ့အပ်သော ဤသတ္တဝါ သည်မျက်မှောက်ဘေးမှလည်း မလွတ်၊ တမလွန် ဘေးမှလည်း မလွတ်၊ ထို့ကြောင့် ဘေးဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်ဖြစ်၏။

ရဟန်းတို့ အဘယ်ကြောင့် ‘ဒုက္ခ’ဟူသော ဤအမည်သည်။ပ။ ‘ရောဂါ’ဟူသော။ ‘အိုင်းအမာ’ဟူသော’ကပ်ငြိခြင်း’ဟူသော ‘ညွန်ပျောင်း’ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်ဖြစ်သနည်း။

ရဟန်းတို့ ကာမရာဂဖြင့် တပ်မက်၍ ဆန္ဒရာဂဖြင့် နှောင်ဖွဲ့အပ်သော ဤသတ္တဝါသည် မျက်မှောက်ညွန်ပျောင်းမှလည်း မလွတ်၊ တမလွန် ညွန်ပျောင်းမှလည်း မလွတ်၊ ထို့ကြောင့် ‘ညွန်ပျောင်း’ဟူသောဤအမည်သည် ကာမဂုဏ်တို့၏ အမည်ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဘေး ဒုက္ခ ရောဂါ အိုင်းအမာ နှစ်ပါးသော ငြိကပ်မှုနှင့် ညွန်ပျောင်းတို့ကို ကာမတို့ဟူ၍ဆိုအပ်ကုန်၏၊ ယင်းကာမတို့၌ ပုထုဇဉ်သတ္တဝါသည် ကပ်ငြိ၏။ (ရဟန္တာပုဂ္ဂိုလ်တို့သည်) ပဋိသန္ဓေနေခြင်း သေခြင်း၏ အကြောင်းဖြစ်သော ဥပါဒါန်တရား၌ ဘေးကိုမြင်သဖြင့် (တဏှာ ဒိဋ္ဌိအားဖြင့်) မစွဲလမ်းမူ၍ ပဋိသန္ဓေ နေခြင်း သေခြင်း၏ကုန်ရာဖြစ်သော နိဗ္ဗာန်၌ ကိလေသာတို့မှ လွတ်ကုန်၏။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် ဘေးကင်းရာ နိဗ္ဗာန်သို့ ရောက်ကုန်သည်ဖြစ်၍ ချမ်းသာခြင်း ရှိကုန်သည်မျက်မှောက်ဘဝ၌ ငြိမ်းအေးကုန်သည် ရန်ဘေး အားလုံးကို လွန်ကုန်သည် ဖြစ်၍ ဆင်းရဲဒုက္ခဟူသမျှကိုလွန်မြောက်ကုန်၏။

တတိယသုတ်။