အင်္ဂုတ္တရနိကာယ်
၈-အရဟတ္တဝဂ်
၃-ဥတ္တရိမနူဿဓမ္မသုတ်
၇၇။ ရဟန်းတို့ တရားခြောက်မျိုးတို့ကို မပယ်မူ၍ ကိလေသာကို ဖျက်ဆီးရန် စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင်အထူးရှိသော၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မျက်မှောက်ပြုရန် မထိုက်။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
သတိလွတ်ကင်းမှု၊ ဆင်ခြင်ဉာဏ် မရှိမှု၊ ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားမှု၊ စားဖွယ်၌ အတိုင်းအရှည်ကို မသိမှု၊ ပလွှား ကြွားဝါမှု၊ မြှောက်ပင့် ရှုတ်ချ၍ ဟောပြောမှုတို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို မပယ်မူ၍ ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင်အထူးရှိသော၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မျက်မှောက်ပြုရန် မထိုက်။
ရဟန်းတို့ တရားခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သောမြတ်သော ဉာဏ်အမြင်အထူးရှိသော၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မျက်မှောက်ပြုရန် ထိုက်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
သတိလွတ်ကင်းမှု၊ ဆင်ခြင်ဉာဏ် မရှိမှု၊ ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားမှု၊ စားဖွယ်၌ အတိုင်းအရှည်ကို မသိမှု၊ ပလွှားကြွားဝါမှု၊ မြှောက်ပင့် ရှုတ်ချ၍ ဟောပြောမှုတို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သောမြတ်သော ဉာဏ်အမြင်အထူးရှိသော၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မျက်မှောက်ပြုရန် ထိုက်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။