အင်္ဂုတ္တရနိကာယ်
၈-အရဟတ္တဝဂ်
၅-အဓိဂမသုတ်
၇၉။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကိုလည်းရရန် ရပြီးသော ကုသိုလ်တရားကိုလည်း ပွါးများအောင်ပြုရန် မထိုက်။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ကုသိုလ်, အကုသိုလ်) ဖြစ်ကြောင်း၌လည်း မလိမ္မာ၊ (ကုသိုလ်, အကုသိုလ်) ကင်းကြောင်း၌လည်း မလိမ္မာ၊ ဥပါယ်၌လည်း မလိမ္မာ၊ မရသေးသောကုသိုလ် တရားတို့ကို ရရန် အလို ‘ဆန္ဒ’ ကို မဖြစ်စေ၊ ရပြီးသော ကုသိုလ်တရားတို့ကိုမစောင့်ရှောက်နိုင်၊ အမြဲပြု ခြင်းဖြင့် မပြီးစေတတ်။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကိုလည်း ရရန် ရပြီးသော ကုသိုလ်တရားကိုလည်း ပွါးများအောင်ပြုရန် မထိုက်။
ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရား ကိုလည်းရရန် ရပြီးသော ကုသိုလ်တရားကိုလည်း ပွါးများအောင်ပြုရန် ထိုက်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ကုသိုလ်, အကုသိုလ်) ဖြစ်ကြောင်း၌လည်း လိမ္မာ၏၊ (ကုသိုလ်, အကုသိုလ်) ကင်းကြောင်း၌လည်း လိမ္မာ၏၊ ဥပါယ်၌လည်း လိမ္မာ၏၊ မရသေးသောကုသိုလ် တရားတို့ ရရန် အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ ရပြီးသော ကုသိုလ်တရားတို့ကိုစောင့်ရှောက်၏၊ အမြဲပြုခြင်း ဖြင့် ပြီးစေတတ်၏။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကိုလည်း ရရန် ရပြီးသော ကုသိုလ်တရားကိုလည်း ပွါးများအောင်ပြုရန် ထိုက်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။