အင်္ဂုတ္တရနိကာယ်
၉-သီတိဝဂ်
၄-သုဿူသတိသုတ်
၈၈။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသော်လည်း ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန်မထိုက်တန်။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
မြတ်စွာဘုရားဟောကြားတော်မူအပ်သော ဓမ္မဝိနယကို ဟောတော်မူအပ်သည်ရှိသော် မနာယူ၊ နားမစိုက်၊ သိခြင်းငှါ စိတ်ကို မဖြစ်စေ၊ အကျိုးမဲ့ကို ယူ၏၊ အကျိုးရှိသည်ကို စွန့်၏၊ (သာသနာတော်နှင့်) မလျော်သော ပညာနှင့် ပြည့်စုံ၏။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရပါသော်လည်း ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန့်မထိုက်တန်။
ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသည်ရှိသော်ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန် ထိုက် တန်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မဝိနယကို ဟောတော်မူအပ်သည်ရှိသော် နာယူ၏၊ နားစိုက်၏၊ သိခြင်းငှါ စိတ်ကို ဖြစ်စေ၏၊ အကျိုးရှိသည်ကို ယူ၏၊ အကျိုးမရှိသည်ကို စွန့်၏၊ (သာသနာတော်နှင့်) လျော်သော ပညာနှင့် ပြည့်စုံ၏။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသည် ရှိသော်ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန် ထိုက်တန်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။