အင်္ဂုတ္တရနိကာယ်
၉-သီတိဝဂ်
၈-ပဌမ အဘဗ္ဗဋ္ဌာနသုတ်
၉၂။ ရဟန်းတို့ (သောတာပန်ပုဂ္ဂိုလ်အား) မထိုက်သော အရာတို့သည် ဤခြောက်မျိုးတို့တည်း။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ဉာဏ်အမြင်နှင့် ပြည့်စုံသော (သောတာပန်) ပုဂ္ဂိုလ်သည် မြတ်စွာဘုရား၌ မရိုသေ မတုပ်ဝပ်ဘဲ နေရန်မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တရား၌ မရိုသေ မတုပ်ဝပ်ဘဲ နေရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် သံဃာ၌ မရိုသေ မတုပ်ဝပ်ဘဲ နေရန် မထိုက်၊ ဉာဏ်အမြင်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် အကျင့်သိက္ခာ၌ မရိုသေ မတုပ်ဝပ်ဘဲ နေရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မကပ်ရောက်အပ်သည့် အကြောင်း (ကံငါးပါး ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါး) သို့ တစ်ဖန်ကပ်ရောက်ရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ရှစ်ကြိမ်မြောက် (ကာမသုဂတိ) ဘဝကိုဖြစ်စေရန် မထိုက်။
ရဟန်းတို့ (သောတာပန်ပုဂ္ဂိုလ်အား) မထိုက်သော အရာတို့သည် ဤတရားခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။