အင်္ဂုတ္တရနိကာယ်
၈-ဝိနယဝဂ်
၅-ပဌမ ဝိနယဓရသောဘနသုတ်
၇၉။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဝိနည်းဓိုရ်ရဟန်းသည် တင့်တယ်၏။ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
အာပတ်ကို သိ၏၊ အာပတ်မဟုတ်သည်ကို သိ၏၊ လဟုကအာပတ်ကို သိ၏၊ ဂရုကအာပတ်ကို သိ၏၊ သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သောမျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်း ရ၏၊ အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍နေ၏။
ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဝိနည်းဓိုရ် ရဟန်းသည် တင့်တယ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။