အင်္ဂုတ္တရနိကာယ်

၁-မေတ္တာဝဂ်

၁-မေတ္တာသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန် ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ် ယာဉ်ကဲဲ့့သို့ပြုအပ် တည်ရာကဲဲ့့သို့ပြုအပ် ရှေးရှု တည်စေအပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည်ရှိသော် ရှစ်မျိုးသော အကျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — ချမ်းချမ်းသာသာ အိပ်ရ၏၊ ချမ်းချမ်းသာသာ နိုးရ၏၊ အိပ်မက်ဆိုးကို မမြင်မက်၊ လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏၊ နတ် သားရဲ ဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏၊ နတ်တို့စောင့်ရှောက်ကုန်၏၊ ထို (မေတ္တာကို ပွါးများသော) သူအား မီး အဆိပ် လက်နက်တို့ မစွဲ မကျ မဖျက်ဆီးနိုင်၊ လွန်မြတ်သော (အရဟတ္တဖိုလ်) တရားကို ထိုးထွင်း၍ မသိနိုင်ခဲ့သော် ဗြဟ္မာ့ပြည်သို့ လားရ၏။ ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ် ယာဉ်ကဲဲ့့သို့ပြုအပ် တည်ရာကဲဲ့့သို့ပြုအပ် ရှေးရှုတည်စေအပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည်ရှိသော် ဤအကျိုးရှစ်မျိုးတို့ကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်ကုန်၏ဟု (မိန့်တော်မူ၏)။

အကြင်သူသည် အဖန်ဖန် သတိရသည်ဖြစ်၍ အတိုင်းအရှည်မရှိသော မေတ္တာ တရားကို ပွါးများ၏၊ ဥပဓိတရား၏ ကုန်ရာ မေတ္တာဈာန်ကို ရှုမြင်သော ထိုသူအား သံယောဇဉ်တို့သည် ခေါင်းပါးကုန်၏။ ဒေါသစိတ် မရှိမူ၍ သတ္တဝါတစ်ဦးတစ်ယောက်ကိုသော်လည်း အကယ်၍ မေတ္တာပွါးငြားအံ့၊ ထိုသို့ မေတ္တာပွါးခြင်းကြောင့် ကုသိုလ်တရားနှင့် ပြည့်စုံရ၏၊ သတ္တဝါအားလုံးတို့ကို စိတ်ဖြင့် သနားကြင်နာခြင်းရှိသော သူတော်သူမြတ်သည် များပြားသော ကုသိုလ်တရားကို ပြုသည် မည်၏။ အကြင်ရသေ့နှင့် တူသော မင်းတို့သည် သတ္တဝါအပေါင်းနှင့် ပြည့်နှက်နေသော မြေအပြင်ကို (ဒဏ်လည်း မဖက် လက်နက်လည်း မဆောင်) အောင်နိုင်ကြကုန်၍ လှူဒါန်းပေးကမ်းကုန်လျက် တိုင်းသူပြည်သားတို့ အိမ်တံခါးဖွင့်၍ နေနိုင်ကြောင်း ဖြစ်သော ဆယ်ခိုင့်တစ်ခိုင် အခွန်တော်ကောက်ယူခြင်း ‘သဿမေဓ’၊ အမှုထမ်း အရာထမ်းတို့အား လခရိက္ခာပေးခြင်း ‘ပုရိသမေဓ’၊ ဆင်းရဲသားတို့အား ရင်းနှီးရန် ဥစ္စာထုတ်ပေးခြင်း ‘သမ္မာပါသ’၊ ချစ်နှစ်လိုဖွယ်သော စကားကို ပြောဆိုခြင်း ‘ဝါဇပ္ပေယျ’တည်းဟူသော သင်္ဂဟဝတ္ထုလေးခုတို့ဖြင့် ချီးမြှောက်ကာ အစဉ် လှည့်လည်နေကုန်၏။ (ထိုမင်းတို့၏) ထိုလှူဒါန်းပေးကမ်း ချီးမြှောက်မှုတို့သည် ကောင်းစွာ ပွါးများအပ်သော မေတ္တာစိတ်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှလည်း မမှီနိုင်ကုန်၊ ဥပမာသော်ကား အလုံးစုံသော ကြယ်တာရာအပေါင်းတို့၏ အရောင်သည် လ၏ အရောင်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှ မမှီနိုင်သကဲ့သို့တည်း။ အကြင်သူသည် သတ္တဝါအားလုံးတို့၌ မေတ္တာကို ပွါးများသည်ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မသတ်ဖြတ်၊ သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ၊ မိမိကိုယ်တိုင်လည်း အနိုင်မယူ၊ သူတစ်ပါးကိုလည်း အနိုင်မယူစေ၊ ထိုသူအား တစ်စုံတစ်ယောက်နှင့်မျှ ရန်မရှိနိုင်။

ပဌမသုတ်။