အင်္ဂုတ္တရနိကာယ်
၂-မဟာဝဂ်
၆-ဒူတေယျသုတ်
၁၆။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် တမန်ပြုလုပ်၍ သွားရန် ထိုက် တန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နားလည်း ထောင် တတ်၏၊ ပြန်၍လည်း ပြောတတ်၏၊ သင်ယူလည်း သင်ယူတတ်၏၊ မှတ်လည်း မှတ်တတ်၏၊ သိလည်း သိတတ်၏၊ သိစေလည်း သိစေတတ်၏၊ အကျိုးစီးပွါးရှိ မရှိ၌လည်း လိမ္မာ၏၊ ငြင်းခုံခြင်းကိုလည်း မပြုတတ်။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် တမန်ပြုလုပ်၍ သွားရန် ထိုက်တန်၏။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် တမန်ပြုလုပ်၍ သွားရန် ထိုက် တန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤသာသနာတော်၌ သာရိပုတြာသည် နားလည်း ထောင်တတ်၏၊ ပြန်၍လည်း ပြောတတ်၏၊ သင်ယူလည်း သင်ယူတတ်၏၊ မှတ်လည်း မှတ်တတ်၏၊ သိလည်း သိတတ်၏၊ သိစေလည်း သိစေတတ်၏၊ အကျိုးစီးပွါးရှိ မရှိ၌လည်း လိမ္မာ၏၊ ငြင်းခုံခြင်းကို လည်း မပြုတတ်။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် တမန်ပြုလုပ်၍ သွားရန် ထိုက်တန်၏ဟု (မိန့်တော်မူ၏)။
အကြင်ရဟန်းသည် ကြမ်းတမ်းစွာ ပြောဆိုတတ်သော ပရိသတ်သို့ ရောက်သော် လည်း မတုန်မလှုပ်၊ စကားကိုလည်း မယုတ်စေ၊ သတင်းစကားကိုလည်း မဖုံးကွယ်။ ယုံမှားခြင်းကင်းသော စကားကိုလည်း ပြောဆိုတတ်၏၊ မေးမြန်းသော်လည်း အမျက် မထွက်တတ်၊ ထိုသို့သဘောရှိသော ရဟန်းသည် စင်စစ်အားဖြင့် တမန် ပြုလုပ်၍ သွားရန် ထိုက်တန်၏။
ဆဋ္ဌသုတ်။