အင်္ဂုတ္တရနိကာယ်

၁-မေတ္တာဝဂ်

၃-ပဌမ အပ္ပိယသုတ်

၃။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်အပ်သူ လည်း ဖြစ်၏၊ မနှစ်သက်အပ်သူလည်း ဖြစ်၏၊ မလေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို မပွါးစေတတ် သူလည်း ဖြစ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ —ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မချစ်ခင်ထိုက်သူကို လည်း ချီးမွမ်းတတ်၏၊ ချစ်ခင်ထိုက်သူကိုလည်း ကဲ့ရဲ့တတ်၏၊ လာဘ်ကိုလည်း လိုလား၏၊ အရိုအသေ ပြုမှုကိုလည်း လိုလား၏၊ ရှက်လည်း မရှက်တတ်၊ ကြောက်လည်း မကြောက်တတ်၊ ယုတ်ညံ့သော အလို လည်း ရှိ၏၊ မှားယွင်းသော အယူလည်း ရှိ၏။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်း သည် သီတင်းသုံးဖော်တို့ မချစ်အပ်သူလည်း ဖြစ်၏၊ မနှစ်သက်အပ်သူလည်း ဖြစ်၏၊ မလေးစားအပ်သူ လည်း ဖြစ်၏၊ နှလုံးကို မပွါးစေတတ်သူလည်း ဖြစ်၏။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်သူလည်း ဖြစ်၏၊ နှစ်သက်အပ်သူလည်း ဖြစ်၏၊ လေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို ပွါးစေတတ်သူလည်း ဖြစ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မချစ်ခင်ထိုက်သူကို လည်း မချီးမွမ်းတတ်၊ ချစ်ခင်ထိုက်သူကိုလည်း မကဲ့ရဲ့တတ်၊ လာဘ်ကိုလည်း မလိုလား၊ အရိုအသေ ပြုမှုကိုလည်း မလိုလား၊ ရှက်လည်း ရှက်တတ်၏၊ ကြောက်လည်း ကြောက်တတ်၏၊ အလိုလည်း နည်း၏၊ မှန်ကန်သော အယူလည်း ရှိ၏။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်သူလည်း ဖြစ်၏၊ နှစ်သက်အပ်သူလည်း ဖြစ်၏၊ လေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို ပွါးစေတတ်သူလည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။