အင်္ဂုတ္တရနိကာယ်
၅-ဥပေါသထဝဂ်
၉-ပဌမ ဣဓလောကိကသုတ်
၄၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝိသာခါသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ပ။
တစ်ခုသောနေရာ၌ ထိုင်နေသော ဝိသာခါအား မြတ်စွာဘုရားသည် —ိံဝိသာခါ တရားလေးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ဤ (ပစ္စုပ္ပန်) လောကကို အောင်မြင်ခြင်းငှါ ကျင့်၏၊ ဤလောကကို အားထုတ်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ—ဝိသာခါ ဤလောက၌ မာတုဂါမသည် အမှုကိစ္စတို့ကို ကောင်းစွာ ပြုလုပ် စီရင်တတ်၏၊ အခြွေအရံ ပရိသတ်တို့ကို ချီးမြှောက်ထောက်ပံ့တတ်၏၊ လင်၏ နှစ်သက်ဖွယ်ကို ပြုတတ်၏၊ (လင်ယောကျာ်း) စုဆောင်းအပ်သော ပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်တတ်၏။ ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် အမှုကိစ္စတို့ကို ကောင်းစွာ ပြုလုပ် စီရင်တတ်သနည်း၊ ဝိသာခါ ဤလောက၌ မာတုဂါမသည် “သိုးမွေး (ပြုပြင် လုပ်ကိုင်ရန်) အလုပ်၊ ဝါချည် (ပြုပြင် လုပ်ကိုင်ရန်) အလုပ်”ဟူ၍ လင်၏ အိမ်တွင်းမှုအလုပ်၌ ကျွမ်းကျင်၍ မပျင်းမရိတတ်၊ ထိုအိမ်တွင်းမှုလုပ်ငန်း၌ အကြောင်းဥပါယ်ဖြစ်သော စုံစမ်းမှုပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီမံရန် စွမ်းနိုင်၏၊ ဝိသာခါ ဤသို့လျှင် မာတုဂါမသည် အမှုကိစ္စတို့ကို ကောင်းစွာ ပြုလုပ်စီရင်တတ်၏။ ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် အခြွေအရံ ပရိသတ်တို့ကို ချီးမြှောက်ထောက်ပံ့တတ် သနည်း၊ ဝိသာခါ ဤလောက၌ မာတုဂါမသည် လင်ယောကျာ်း၏ အိမ်တွင်းသားဖြစ်ကုန်သော “ကျွန်အစေခံအမှုလုပ်” ဖြစ်သည့် အတွင်းလူတို့၏ ပြုလုပ်သည်ကိုလည်း ပြုလုပ်သောအားဖြင့် သိ၏၊ မပြုလုပ်သည်ကိုလည်း မပြုလုပ်သောအားဖြင့် သိ၏၊ ဖျားနာသူတို့ အားရှိသည် မရှိသည်ကိုလည်း သိ၏၊ ထိုအတွင်းလူအပေါင်းအား ခဲဖွယ် ဘောဇဉ်ကို အသီးသီး မိမိတို့၏ အဖို့အားဖြင့် ဝေဖန်တတ်၏၊ ဝိသာခါ ဤသို့လျှင် မာတုဂါမသည် အခြွေအရံ ပရိသတ်တို့ကို ချီးမြှောက်ထောက်ပံ့တတ်၏။ ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် လင်၏နှစ်သက်ဖွယ်ကို ပြုတတ်သနည်း၊ ဝိသာခါ ဤလောက၌ မာတုဂါမသည် လင်၏ မနှစ်သက်ဖွယ်ဟု ဆိုအပ်သော အမှုကို အသက်ဟူသော အကြောင်း ကြောင့်လည်း လွန်ကျူး၍ မကျင့်။ ဝိသာခါ ဤသို့လျှင် မာတုဂါမသည် လင်၏ နှစ်သက်ဖွယ်ကို ပြုတတ်၏။ ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် လင်ယောကျာ်း စုဆောင်းအပ်သော ပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်တတ်သနည်း၊ ဝိသာခါ ဤလောက၌ မာတုဂါမသည် လင်ယောကျာ်း ဆောင်ယူခဲ့သော ဥစ္စာ စပါး ရွှေငွေတို့ကိုစောင့်ရှောက်၏၊ လုံခြုံစေ၏။ ထိုပစ္စည်းဥစ္စာတို့အပေါ်၌ အပျော်မကြူး တတ်သူ၊ မခိုးမဝှက်တတ်သူ၊ အရက်သေစာ မသောက်စားတတ်သူ၊ မဖျက်ဆီးတတ်သူ ဖြစ်၏။ ဝိသာခါ ဤသို့လျှင် မာတုဂါမသည် လင်ယောကျာ်း စုဆောင်းအပ်သော ပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့်ရှောက် တတ်၏။ ဝိသာခါ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ဤပစ္စုပ္ပန်လောကကို အောင်မြင်ခြင်းငှါ ကျင့်၏၊ ဤလောကကို အားထုတ်၏။ ဝိသာခါ တရားလေးမျိုးတို့နှင့်ပြည့်စုံသော မာတုဂါမသည် တမလွန်လောကကို အောင်မြင်ခြင်းငှါ ကျင့်၏၊ တမလွန်လောကကို အားထုတ်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ—ဝိသာခါ ဤလောက၌ မာတုဂါမသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ အကျင့်သီလနှင့် ပြည့်စုံ၏၊ စွန့်ကြဲမှုနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံ၏။ ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် သဒ္ဓါတရားနှင့် ပြည့်စုံသနည်း၊ ဝိသာခါ ဤလောက၌ မာတုဂါမသည် သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။ “ထိုမြတ်စွာဘုရားသည် ပူဇော် အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူသော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု (ယုံကြည်၏)။ ဝိသာခါ ဤသို့လျှင် မာတုဂါမသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် သီလနှင့် ပြည့်စုံသနည်း၊ ဝိသာခါ ဤလောက၌ မာတုဂါမ သည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်၏။ ဝိသာခါ ဤသို့လျှင် မာတုဂါမသည် သီလနှင့် ပြည့်စုံ၏။ ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် စွန့်ကြဲမှုနှင့် ပြည့်စုံသနည်း၊ ဝိသာခါ ဤလောက၌ မာတုဂါမသည် လွတ်လွတ် စွန့်ကြဲခြင်းရှိသည်, (စွန့်ကြဲအံ့ဟု) ဆေးကြောအပ်သော လက်ရှိသည်, စွန့်ကြဲခြင်း၌ မွေ့လျော်သည်, တောင်းခံခြင်းငှါ ထိုက်သည်, ပေးကမ်းဝေဖန်ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မစ္ဆရိယတည်းဟူသော အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်လျက် နေ၏။ ဝိသာခါ ဤသို့လျှင် မာတုဂါမသည် စွန့်ကြဲမှုနှင့် ပြည့်စုံ၏။ ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် ပညာနှင့် ပြည့်စုံသနည်း၊ ဝိသာခါ ဤလောက၌ မာတုဂါမသည် ပညာရှိ၏။ပ။ ဝိသာခါ ဤသို့လျှင် မာတုဂါမသည် ပညာနှင့် ပြည့်စုံ၏။ ဝိသာခါ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် တမလွန်လောကကို အောင်မြင်ခြင်းငှါ ကျင့်၏၊ တမလွန်လောကကို အားထုတ်၏ဟု (မိန့်တော်မူ၏)။
(အကြင်မိန်းမသည်) အိမ်မှုကိစ္စကို ကောင်းစွာ ပြုလုပ်စီရင်တတ်၏၊ ပရိသတ် အခြွေအရံကို သင်္ဂြိုဟ်ထောက်ပံ့ ချီးမြှောက်တတ်၏၊ လင်နှစ်သက်ဖွယ်ကို ကျင့် တတ်၏၊ (လင်ယောကျာ်း) ရှာမှီးသော ပစ္စည်းဥစ္စာကို အစဉ်စောင့်ရှောက် တတ်၏။ သဒ္ဓါတရားရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ တောင်းခံသူတို့၏ စကားကို သိတတ်၏၊ မစ္ဆရိယကင်း၏၊ တမလွန်ဘဝ၌ ချမ်းသာကြောင်းဖြစ်သော (ကုသိုလ်) လမ်းကို အမြဲ သုတ်သင်၏။ အကြင်မိန်းမအား ဤတရားရှစ်မျိုးတို့သည် ရှိကုန်၏၊ တရား၌ တည်သော မှန်ကန်သော စကားကို ဆိုလေ့ရှိသော ထိုမိန်းမကိုလည်း သီလရှိသော မိန်းမဟူ၍ ဆိုကုန်၏။ တစ်ဆယ့်ခြောက်မျိုးသော အခြင်းအရာရှစ်မျိုးသော အင်္ဂါနှင့် ပြည့်စုံသော သဘောရှိသည့် သီလရှိသော ဥပါသိကာမသည် စိတ်နှလုံးကို နှစ်သက်စေတတ်သော နတ်ပြည်သို့ ကပ်ရောက်ရ၏။
နဝမသုတ်။