အင်္ဂုတ္တရနိကာယ်
(၉) ၄-သတိဝဂ်
၈-အပ္ပသာဒပဝေဒနီယသုတ်
၈၈။ ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား အလိုရှိကုန်လတ်သော် ဥပါသကာတို့သည် မကြည်ညိုမှုကို သိစေရာကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—လူတို့အား လာဘ်မရစိမ့်သောငှါ အားထုတ်၏၊ လူတို့အား အကျိုးမဲ့ဖြစ်စိမ့်သောငှါ အားထုတ်၏၊ လူကို ဆဲရေး၏၊ ရေရွတ်၏၊ (ခြိမ်းခြောက်၏)၊ လူအချင်းချင်း ကွဲပြားစေ၏၊ မြတ်စွာဘုရား၏ ဂုဏ် (ကျေးဇူး) မဲ့ကို ဆို၏၊ တရားတော်၏ ဂုဏ် (ကျေးဇူး) မဲ့ကို ဆို၏၊ သံဃာတော်၏ ဂုဏ် (ကျေးဇူး) မဲ့ကို ဆို၏။ မကျက်စားသင့်သောနေရာ၌လည်း ထိုရဟန်းကို တွေ့မြင်ရကုန်၏။ ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား အလိုရှိကုန်လတ်သော် ဥပါသကာတို့သည် မကြည်ညိုမှုကို သိစေကုန်ရာ၏။ ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား အလိုရှိကုန်လတ်သော် ဥပါသကာတို့သည် ကြည်ညိုမှုကို သိစေကုန်ရာ၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—လူတို့အား လာဘ်မရစိမ့်သောငှါ အားမထုတ်၊ လူတို့အား အကျိုးမဲ့ဖြစ်စိမ့်သောငှါ အားမထုတ်၊ လူကို မဆဲရေး၊ မရေရွတ်၊ လူအချင်းချင်း မကွဲပြားစေ၊ မြတ်စွာဘုရား၏ ဂုဏ် (ကျေးဇူး) ကို ဆို၏၊ တရားတော်၏ ဂုဏ် (ကျေးဇူး) ကို ဆို၏၊ သံဃာတော်၏ ဂုဏ် (ကျေးဇူး) ကို ဆို၏။ ကျက်စားသင့်ရာ၌ ထိုရဟန်းကို တွေ့မြင်ရကုန်၏။ ရဟန်းတို့ ဤအင်္ဂါ ရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား အလိုရှိကုန်လတ်သော် ဥပါသကာတို့သည် ကြည်ညိုမှုကို သိစေကုန်ရာ၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။