သံယုတ္တနိကာယ်—၁

၂—နန္ဒနဝဂ်

၂—နန္ဒတိသုတ်

၁၂။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

“သားသမီး များစွာရှိသူသည် သားသမီးတို့ဖြင့် နှစ်သက်ရ၏၊ ထို့အတူသာလျှင် နွား များစွာရှိသူသည် နွားတို့ဖြင့် နှစ်သက်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏ တည်ရာ (ဥပဓိ)တို့ဖြင့် နှစ်သက်ရ၏။ အကြင်သူသည် ကာမချမ်းသာ၏ တည်ရာ (ဥပဓိ) မရှိ၊ ထိုသူသည် မနှစ်သက်ရသည်သာတည်း”ဟု (လျှောက်၏)။

သားသမီး များစွာရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ ထို့အတူသာလျှင် နွား များစွာရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏ တည်ရာ (ဥပဓိ)တို့ဖြင့် စိုးရိမ်ရ၏။ အကြင်သူသည် ကာမချမ်းသာ၏ တည်ရာ (ဥပဓိ) မရှိ၊ ထိုသူသည် မစိုးရိမ်ရသည်သာတည်းဟု (ဟောတော်မူ၏)။