သံယုတ္တနိကာယ်—၁၁
၂—ဒုတိယဝဂ်
၆—ယဇမာနသုတ်
၂၆၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး လျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆို လျှောက်ထားလေ၏—
“အသျှင်ဘုရား ပူဇော်ကုန်သော လူတို့၏လည်းကောင်း၊ ကောင်းမှုကို အလိုရှိ သည် ဖြစ်၍ ပြုလုပ်ကုန်သော သတ္တဝါတို့၏လည်းကောင်း ဥပဓိအကျိုးရှိသော ကောင်းမှုသည် အဘယ်ပုဂ္ဂိုလ်၌ လှူသည်ရှိသော် အကျိုးကြီးပါသနည်း”ဟု လျှောက်၏။
“ကျင့်ဆဲဖြစ်ကုန်သော (မဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း၊ ဖိုလ်၌ တည်ကုန်သော (ဖလဋ္ဌာန်) ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း ဤရှစ် ယောက်သော (အရိယာ) သံဃာသည် ဖြောင့်မတ်စွာ ဖြစ်၏၊ ပညာ,သီလ,သမာဓိနှင့် ပြည့်စုံ၏။
ပူဇော်ကုန်သော လူတို့၏လည်းကောင်း၊ ကောင်းမှုကို အလိုရှိသည် ဖြစ်၍ ပြု လုပ်ကုန်သော သတ္တဝါတို့၏လည်းကောင်း ဥပဓိအကျိုးရှိသော ကောင်းမှုသည် (အရိယာ) သံဃာ၌ လှူသည်ရှိသော် အကျိုးကြီး၏”ဟု (မိန့်တော်မူ၏)။